သူလျှိုမှုနဲ့ပိုလန်နိုင်ငံမှာ ဖမ်းခံထားရတဲ့ Huawei အရောင်းအမှုဆောင်အရာရှိကို ကုမ္ပဏီဘက်မှ အလုပ်ကနေ ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။
Photo: Hong Kong Free Press
ပိုလန်နိုင်ငံက အာဏာပိုင်တွေဟာ Wang Weijing ဆိုသူ Huawei ရဲ့ ပိုလန်နိုင်ငံဆိုင်ရာ အရောင်းအမှုဆောင်အရာရှိနဲ့Orange Polska အတွက် အလုပ်လုပ်ပေးနေတယ်ဆိုတဲ့ ပိုလန်လုံခြုံရေးအရာရှိတစ်ဦးကို ဒီတစ်ပတ် သောကြာနေ့က ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ အမှုကတော့ ဘေဂျင်းအစိုးရအတွက် စပိုင်လုပ်မှု ဖြစ်ပြီး နောက်ထပ် ၂ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ရုပ်သံချန်နယ်တစ်ခုဖြစ်တဲ့ TVP က သတင်းမှာ ဖော်ပြထားပါတယ်။
ပိုလန်နိုင်ငံတွင်း လုံခြုံရေးအေဂျင်စီ ISA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စတန်နစ်လောဇန်းကတော့ ဒီလူတွေကို ထောင်ဒဏ်ဆယ်နှစ်အထိ ကျခံနိုင်မယ့် ဥပဒေနဲ့တရားစွဲသွားမှာ ဖြစ်ပြီး အမှုဟာ ၃ လထိ ကြာမြင့်ဖို့ရှိတယ်လို့ဆိုပါတယ်။ ဇန်းရဲ့အဆိုအရ ဒီလူတွေကို စစ်ဆေးရာမှာ သူတို့ရဲ့ လုပ်ရပ်တွေပေါ်ပဲ အာရုံစိုက်သွားမှာ ဖြစ်ပြီး သူတို့အလုပ်လုပ်နေတဲ့ ကုမ္ပဏီပေါ်လိုက်ပြီး ဦးတည်သွားမှာ မဟုတ်ဘူးလို့ဆိုပါတယ်။
တစ်ဘက်ကလည်း တရုတ်အစိုးရဟာ နည်းပညာပစ္စည်းအစိတ်အပိုင်းတွေမှာ သူလျှိုထောက်လှမ်းရေးစနစ်တွေ ထည့်သွင်းဖို့တရုတ်နည်းပညာကုမ္ပဏီတွေကို အသုံးချနေသလားဆိုပြီး အနောက်နိုင်ငံအသိုင်းအဝိုင်းက စုံစမ်းမှုတွေ လုပ်ဆောင်နေချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ တရုတ်တယ်လီကွန်းနည်းပညာကုမ္ပဏီကြီးက အရာရှိတစ်ဦး ပါဝင်မှုဟာ ပိုပြီး သံသယကြီးထွားလာစေပါတယ်။ လက်ရှိအချိန်အထိ Huawei ထုတ်ကုန်တွေမှာ စပိုင်ပစ္စည်း ထည့်သွင်းထားကြောင်း သက်သေအထောက်အထား မရှိသေးပါဘူး။
အမေရိကန်အစိုးရအနေနဲ့Huawei နဲ့ZTE ထုတ်ကုန်တွေ မဝယ်ဖို့တားမြစ်ပိတ်ပင်ထားပြီး တရုတ်တယ်လီကွန်းအစိတ်အပိုင်းတွေကို အမေရိကန်ကုမ္ပဏီတွေ မသုံးကြဖို့တရားဝင် တားမြစ်တဲ့ အမိန့်တစ်ခုပါ သမ္မတထရမ့်ရဲ့ လက်မှတ်နဲ့ရေးထိုး အတည်ပြုထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာလည်း အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်နဲ့Huawei ရဲ့ CFO မန်ဝမ်ဇောင်ကို ကနေဒါမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
Photo:arstechnica
အချက်အလက် လုံခြုံရေးနဲ့ပတ်သက်ပြီး Huawei အနေနဲ့နိုင်ငံအလိုက် ဆိုင်ရာ ဥပဒေနဲ့စည်းမျဉ်းတွေကို အပြည့်အဝလိုက်နာကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လက်ရှိ ပိုလန်မှာ ကုမ္ပဏီရဲ့ ဝန်ထမ်း အဖမ်းခံရမှုဟာ ကုမ္ပဏီနဲ့ဆက်စပ်မှု မရှိတဲ့အပြင် ဝန်ထမ်းသဘောတူ စာချုပ်ဖောက်ဖျက်မှုကြောင့် အလုပ်က ထုတ်လိုက်တယ်လို့ကြေငြာထားပါတယ်။