ပီရူးနိုင်ငံမြောက်ပိုင်းမှာ ဒေသစံတော်ချိန် မေ ၂၆ ရက် မနက်အစောပိုင်းက ရစ်ချ်တာစကေး ၈.၀ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့မှုအတွင်း အနည်းဆုံး လူတစ်ဦးသေဆုံးပြီး အခြား ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
(Photo: AFP)
ငလျင်ကြီးလှုပ်ခတ်မှုကို အိမ်နီးချင်း အီကွေဒေါနိုင်ငံမှာလည်း ခံစားသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ငလျင်ကြောင့် လူနေထူထပ်ခြင်းမရှိတဲ့ ပီရူးနိုင်ငံရဲ့ အမေဇုန်ချိုင့်ဝှမ်းဒေသရှိ Yurimaguas မြို့ငယ်လေးမှာ အိုဟောင်းနေအိမ် အများအပြား ပြိုကျခဲ့ကြောင်းသိရပါတယ်။
အဆိုပါ မြို့ငယ်ဟာ ငလျင်ဗဟိုချက်အနီး တည်ရှိနေတာလည်းဖြစ်ကြောင်း မြို့တော်ဝန် Hugo Araujo က ပြောခဲ့ပါတယ်။ ငလျင်လှုပ်မှုကို နေရာဒေသ အများအပြားမှာ ခံစားသိရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ပီရူးမြို့တော် လီမာနဲ့ အခြား မြို့ကြီးတွေမှာ ငလျင်လှုပ်မှုကြောင့် မြို့ခံများ ကြောက်လန့်တကြားဖြင့် လမ်းမတွေပေါ် ထွက်ပြေးခဲ့ကြပါတယ်။
ငလျင်လှုပ်ခတ်စဉ် Cajamarca ဒေသရှိ နေအိမ်တစ်အိမ်ပေါ်သို့ ကျောက်တုံးကြီးတစ်တုံး ပြုတ်ကျခဲ့မှုအတွင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူ Ricardo Seijas က ပီရူးရေဒီယိုသတင်းဌာန RPP ကို ပြောပါတယ်။ ငလျင်ဟာ ပီရူးစံတောချိန် မေ ၂၆ ရက် မနက် ၂ နာရီ ၄၁ မိနစ်မှာ လှုပ်ခတ်သွားခဲ့ကြောင်း သိရပါတယ်။
ယခု လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ပီရူးမှာ လူ ၁၁ ဦး ဒဏ်ရာရခဲ့ပြီး အိမ်နီးချင်း အီကွေဒေါနိုင်ငံမှာလည်း နောက်ထပ် ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ငလျင်ကြီးလှုပ်ခတ်မှုကြောင့် လမ်းမများ ပိတ်ဆို့ခြင်း၊ တံတားတစ်စင်းပျက်စီးခြင်းနဲ့ နေအိမ်ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ပီရူးသမ္မတ Martin Vizcarra က ပြောပါတယ်။
(Photo: Lorena Garz—n Vega/Twitter)
ပီရူးသမ္မတရဲ့ အဆိုအရ ယခုငလျင်ကြီးဟာ ပီရူးမှာ ၁၂ နှစ်အတွင်း အပြင်းထန်ဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။ ငလျင်ကြီးဟာ Lagunas မြို့ငယ် အရှေ့တောင်ဘက် ၄၆ မိုင်ကျော်အကွာ မြေအောက်အနက် ၆၈ မိုင် နေရာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်လှုပ်မှုကြောင့် ပီရူးနဲ့အိမ်နီးချင်း အီကွေဒါနိုင်ငံမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။
ငလျင်လှုပ်မှုကို ကိုလံဘီယာနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ရဲ့ နေရာဒေသတွေမှာလည်း ခံစားသိရှိခဲ့ရကြောင်း ပီရူးမီဒီယာတွေက ဖော်ပြပါတယ်။ တောင်အမေရိကတိုက်မှ ပီရူးနိုင်ငံဟာ ငလျင်လှုပ်မှုနဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိတဲ့ ပစိဖိတ်မီးကွင်း (Ring of Fire) နေရာမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။
(Photo: Lorena Garz—n Vega/Twitter)
ပီရူးမှာ တစ်နှစ်လျှင် ငလျင်လှုပ်မှု အကြိမ် ၂၀၀ ခန့် ဖြစ်ပေါ်လေ့ရှိပြီး ၎င်းတို့အနက် အများစုကိုတော့ ပြည်သူတွေ မသိရှိခဲ့ကြဘူးလို့ဆိုပါတယ်။ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း ပီရူးနဲ့အိမ်နီးချင်း အီကွေဒါနိုင်ငံအတွင်း ဗဟိုပြုပြီး ရစ်ချ်တာစကေး ၇.၅ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာ အီကွေဒါမှာ လူကိုးဦး ဒဏ်ရာရပြီး ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။