၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကတော့ မတ်လ ၂၉ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီနှစ်မှာလည်း ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်သွားမှာပါတဲ့။
Photo: Academy
၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မတ်လ ၂၉ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီ အကယ်ဒမီပေးပွဲကိုတော့ ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီးက ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပြည်သူ့ရင်ပြင်မှာ လုပ်တာ ဒီတစ်ခေါက်ကတော့ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတုန်းကလည်း ပြည်သူ့ရင်ပြင်မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တာပါ။
Photo: Academy
အကယ်ဒမီဆန်ခါတင်စာရင်းဝင်ဇာတ်ကားတွေကိုတော့ နောက်ဆုံးအကြိမ် အဖြစ် ၂၉ ကား ရွေးချယ်ထားပြီးပြီလို့ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌ ဖြစ်သူ ညီညီထွန်းလွင်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဇာတ်ကား ၂၉ ကားထဲကမှ နောက်ထပ် ရွေးချယ်မှုတွေ ပြုလုပ်ဦးမယ်လို့လည်း သိရပါတယ်။ အဆိုပါ ဆန်ခါတင်စာရင်းဝင် ဇာတ်ကား ၂၉ ကားကို အကယ်ဒမီအကဲဖြတ်အဖွဲ့တွေက တရားဝင်ထုတ်ပြန်လိုက်တာ မရှိပေမယ့် လူမှုကွန်ယက် စာမျက်နှာမှာတော့ ပျံ့နှံ့လို့နေတာ တွေ့ရပါတယ်။
Photo: Academy
၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု ပေးပွဲ ကြီးကတော့ တကယ်ကို ထူးခြားပါတယ်။ ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်တွေရှိတာကြောင့် ဘယ်လိုထူးခြားမှုတွေ ဖြစ်လာမလဲ၊ ဘယ်အနုပညာရှင်တွေက အကယ်ဒမီဆုတွေ ဆွတ်ခူးသွားမလဲ ဆိုတာကိုလည်း ပရိသတ်တွေက ရင်ခုန် စိတ်လှုပ်ရှားစွာ စောင့်မျှော်နေရတဲ့ နှစ်ဖြစ်ပါတယ်။ ဒီနှစ်ရွှေကြိုမှာတော့ အနုပညာအသိုင်းအဝိုင်းက မျိုးစက်သစ်တွေမဟုတ်ပဲ အပြင်လောက က အနုပညာဝါသနာရှင်လေးတွေသာ ပါဝင်သွားမယ်လို့ သိရပါတယ်။
Photo: Academy
၂၀၁၉ ခုနှစ် အကယ်ဒမီ ပေးပွဲကိုတော့ Main Sponsor အဖြစ် Bella မှာ ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲကြီးရဲ့ အခမ်းအနားပြင်ဆင်မှုတွေကိုတော့ Star Event Production မှာ CEO ကိုဂျွန်လွင်ကိုယ်တိုင်က စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။ ၂၀၁၆ အကယ်ဒမီပေးပွဲတုန်းကလည်း Bella မှာ ပံ့ပိုးပေးခဲ့တာဖြစ်ပြီး ကိုဂျွန်လွင်က စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။