The Mask Singer Myanmar ပြိုင်ပွဲကြီးမှာ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဉ်တွေ ရှိသေးတယ်လို့ အရိုင်းက ပြောပါတယ်။ သူတို့ကိုယ်တိုင်ကလည်း ပြိုင်ပွဲဝင်တွေကို ဘယ်သူဆိုတာ မသိရသေးခင် အချိန်မှာတော့ စိတ်လှုပ်ရှားတယ်လို့ ဆိုပါတယ်။
Photo: Aung Than Oo
The Mask Singer Myanmar 2019 ပြိုင်ပွဲကြီးမှာ ဆယ်လီစုံထောက်အဖြစ် ပါဝင်နေတဲ့ သရုပ်ဆောင်အရိုင်း က နောက်ထပ်အစီအစဉ်တွေမှာ ပိုစိတ်ဝင်စားဖို့ကောင်းလာတော့မယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ ဒီပွဲအပေါ်မှာ ပရိသတ်က အသိအမှတ်ပြုပေးတဲ့အတွက်ကြောင့် ပရိသတ်အတွက်ကိုလည်း ထိုက်ထိုက်တန်တန်နဲ့ အကောင်းစားဖန်တီးမှုတွေကို အမြဲတမ်းဆောင်ရွက်နေပါတယ်။ ဆက်လက်ပြီးတော့လည်း စောင့်မျှော်ကြည့်ရအောင် ဒီ့ထက်ပိုကောင်းတဲ့ အရာတွေ လာပါဦးမယ်။ စောင့်မျှော်ကြည့်ရှုပေးပါ” လို့ သူကဆိုပါတယ်။
ဆယ်လီစုံထောက်အဖြစ် ပါဝင်နေတဲ့ အချိန်မှာ စဉ်းစားရခက်တဲ့ အပိုင်းတွေ အများကြီးရှိတယ်လို့ အရိုင်းက ပြောပါတယ်။
“ ကျွန်တော်တို့ ခေါင်းခြောက်ရတဲ့ အပိုင်းကတော့ အများကြီးပါပဲ။ တော်တော် ခေါင်းခြောက်တဲ့ဟာတွေလည်းရှိပါတယ်။ ဒါတွေက ရိုက်ကူးရေး ထုတ်လွှင့်မှုတွေကို ကျွန်တော်တို့က စဉ်းစားပေးရတာပေါ့နော်။ ပရိသတ်အတွက် ဖျော်ဖြေတင်ဆက်မှု အပိုင်းတွေကတော့ ခေါင်းမခြောက်ရပါဘူး” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့က “အဆောင် (၂) အိပ်မက်နိဒါန်း” ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Aung Than Oo
The Mask Singer Myanmar 2019 ပြိုင်ပွဲမှာ ပါဝင်တဲ့ အနုပညာရှင်တွေဟာ မျက်နှာဖုံးတပ်၊ ဝတ်စုံအပြည့် ဝတ်ထားရတာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေကို ကြည့်ပြီး ဘယ်အဆိုတော်၊ ဘယ်သရုပ်ဆောင် ဆိုတာကို ပရိသတ်တွေနဲ့ ဆယ်လီစုံထောက်ကြီးတွေက ရွေးချယ်ရတဲ့ အစီအစဉ်တစ်ခုပါ။
“ ဒီအစီအစဉ်က တချို့ဥစ္စာလေးတွေဆိုရင် တကယ်ကို ကျွန်တော်တို့ သိကိုမသိတဲ့အရာတွေ အများကြီး ပါတယ်။ အဲဒါကိုက The Mask Singer Myanmar ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ပေါ့။ ဒါမှပဲ ပရိသတ်တွေနဲ့ ကျွန်တော်တို့နဲ့ Challenge လုပ်ရတာပေါ့။ သူတို့လည်း ရှာဖွေစေ၊ ကိုယ်လည်း ရှာဖွေစေလုပ်ရတာပေါ့။ အတူတူရှာကြ ဖွေကြတော့လည်း ပျော်စရာကောင်းသွားတာပေါ့’’ လို့ ဆိုပါတယ်။
Photo: The Mask Singer
အရိုင်းကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက် ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်အဖြစ် ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်လာရပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ အခုလက်ရှိမှာတော့ The Mask Singer အစီအစဉ်မှာ ဆယ်လီ စုံထောက် တစ်ဦးအဖြစ် ပါဝင်နေတာ တွေ့ရပါတယ်။