ဈေးပိတ်ချိန်တွေမှာ ပိုးသတ်ဆေးဖြန်းသွားမှာပါ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ ဈေးတွေမှာ Covid 19 ရောဂါကာကွယ်ရေးအနေနဲ့ ပိုးသတ်ဆေးဖြန်းသွားမှာဖြစ်ပြီး ပိုးသတ်ဆေးဖြန်းဖို့ ဈေးတွေပိတ်မယ်ဆိုတာတွေက ကောလာဟလသတင်းများသာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရပါတယ်။

ပိုးသတ်ဆေးတွေဟာ ပိုးသေရုံလောက်သာရှိပြီး ဆေးနံ့ကလည်း မိနစ်ပိုင်းအတွင်းပျက်ပြယ်သွားတဲ့ဆေးမျိုးဖြစ်လို့ တကူးတကဈေးတွေကိုပိတ်ပြီး ဖြန်းစရာမလိုဘဲ ဈေးသိမ်းချိန်မှာတင်လုပ်ဆောင်လို့ရတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။ 



“ ဈေးတွေပိတ်မယ်လို့ပြောလိုက်ရင် တစ်နေ့လုပ်တစ်နေ့စားတဲ့ပြည်သူတွေအတွက် ဘယ်လိုလုပ်အဆင်ပြေမှာလဲ။ ဈေးတွေကပိတ်လို့မရပါဘူး။ အခုလိုဆေးဖြန်းဖို့အတွက် ဈေးတွေပိတ်ပြီးလုပ်မယ်ဆိုပြီးပြောနေကြတာတွေက ကောလာဟလတွေပါ။ကျွန်မတို့ အခုဖြန်းမယ့် ဆေးတွေကလည်း ပြည်သူတွေအတွက် အန္တရာယ်ရှိတဲ့ဆေးမျိုးလည်းမဟုတ်ဘူး။ အဓိကအသားငါးရောင်းချတဲ့နေရာတွေကို ကြိုတင်ကာကွယ်တဲ့သဘောပါ။ အခုလိုပိုးသတ်ဆေးဖြန်းလို့လဲ ပြည်သူတွေအနေနဲ့ စားသောက်ကုန်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမရှိပါဘူး” လို့ ဒေါ်သန်းမြင့်အောင်ကပြောပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဈေးတွေမှာ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းတွေကို အလှည့်ကျလုပ်ဆောင်သွားမှာဖြစ်ပြီး မတ်လ(၂၁)ရက်နေ့မှာတော့ ပုဇွန်တောင်ဈေးရဲ့ အသားငါးရောင်းချတဲ့ အတန်းမှာ ပိုးသတ်ဈေးဖြန်းခြင်းလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဈေးပေါင်း (၁၇၈)ဈေးရှိပြီး သက်ဆိုင်ရာဈေးဌာနတွေ၊ လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်စည်ပင်များက ဈေးတွေမှာ Covid 19ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်တွေနဲ့ ဈေးသာယာလှပရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က