ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ပူပြင်းခြောက်သွေ့ပြီး ရေခမ်းခြောက်နေတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ရေဘုံဘိုင်များ ဖွင့်မထားကြရန်နဲ့ ရေလျှော့ချိုးကြရန် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ယမန်နေ့ (ဇန်နဝါရီ ၇ ရက်) မှာ တိုက်တွန်းလိုက်ပါတယ်။
(ကျောက်ဖရားမြစ် မြင်ကွင်းတစ်ခု) (Photo: WMF.ORG)
ထိုင်းနိုင်ငံအလယ်ပိုင်းရဲ့ အဓိက ရေအရင်းအမြစ်တစ်ခုဖြစ်တဲ့ ကျောက်ဖရားမြစ်ဟာ ရေလျော့ကျလာကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဘန်ကောက်မြို့ ရေပေးဝေရေး အာဏာပိုင်အဖွဲ့ကလည်း ပြောထားပါတယ်။ ထိုင်းနိုင်ငံမှာ လာမယ့် လအနည်းငယ်အတွင်း မိုးခေါင်ခြောက်သွေ့မှု ပိုမိုဆိုးရွားလာမယ်လို့ ခန့်မှန်းထားပါတယ်။
ထိုင်းအစိုးရက မြေအောက်ရေထုတ်ယူရန်အတွက် ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အသုံးပြုရေးကို ယမန်နေ့မှာ ခွင့်ပြုခဲ့ကြောင်းလည်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ ပူပြင်းခြောက်သွေ့မှုရာသီဟာ နှစ်စဥ် နိုဝင်ဘာလမှာ စတင်လေ့ရှိပြီး ပုံမှန်အားဖြင့် ဧပြီလအထိ ကြာမြင့်တတ်ပါတယ်။
(ထိုင်းအရှေ့မြောက်ပိုင်းရှိ ရေခမ်းခြောက်နေသည့် မဲခေါင်မြစ်) (Photo: AFP)
သို့သော် ယခုနှစ်မှာတော့ ပူပြင်းခြောက်သွေ့မှု အခြေအနေဟာ ဇွန်လအထိ ဆက်လက် ဖြစ်ပေါ်နေနိုင်ကြောင်း ထိုင်းအစိုးရက ပြောထားပါတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြတဲ့ ထိုင်းနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းရှိ နေရာဒေသ ၁၄ ခုမှာ ပူပြင်းခြောက်သွေ့မှု အခြေအနေဖြစ်ပေါ်နေကြောင်း ကြေညာထားတယ်လို့လည်း သိရပါတယ်။
"အားလုံးပဲ ကူညီပြီး ရေချွေတာကြပါ၊ ဘုံဘိုင်တွေအားလုံး ပိတ်ထားကြပါ၊ ရေလျှော့သုံးကြပါ၊ သွားတိုက်တဲ့အချိန်နဲ့ ရေချိုးတဲ့အချိန်ကိုလည်း တစ်မိနစ်လျှော့ကြပါ" လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ပြောပါတယ်။ ရေလှောင်တမံတွေမှာ ရေပမာဏလျော့ကျနေမှုကြောင့် ကျောက်ဖရားမြစ်ဝှမ်းအနီး နေရာဒေသအချို့မှာ နွေစပါးမစိုက်ကြရန်လည်း ထိုင်းအစိုးရက လယ်သမားတွေကို ပြောကြားထားတယ်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။