ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်အရ COVID 19 ရောဂါပိုးတွေ့ရှိသူ (၆)ဦးထပ်တိုးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ထုတ်ပြန်မှာ လူနာသစ်(၆)ဦးထပ်တိုးခဲ့သလို ရောဂါပျောက်ကင်းသူလည်း (၆)ဦးထပ်တိုးခဲ့ပါတယ်။ ထပ်တိုးလူနာ (၆)ဦးက ရန်ကုန်တိုင်းဒေသကြီးအတွင်းက (၅)ဦးနဲ့ နေပြည်တော် တိုင်းစစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တစ်ဦးတို့ဖြစ်ပါတယ်။
နေပြည်တော်က လူနာကတော့ အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိထားသလို ခရီးသွားရာဇဝင်တွေလည်းမရှိထားပါဘူး။ ရန်ကုန်က လူနာ(၅)ဦးထဲက လူနာနံပါတ်(၁၆၁)ကတော့ အတည်ပြုလူနာတွေနဲ့ ထိတွေ့ထားမှု ရှိ၊ မရှိကို စုံစမ်းနေဆဲဖြစ်ပြီး ကျန်(၄)ဦးကတော့ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိထားကာ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူတွေဖြစ်ပါတယ်။
ရန်ကုန်က လူနာ(၅)ဦးက အင်းစိန်းမြို့နယ်က (၂)ဦး၊ မြောက်ဒဂုံမြို့နယ်က (၂)ဦးနဲ့ မရမ်းကုန်းမြို့နယ်က တစ်ဦးတို့ဖြစ်ပါတယ်။ ယနေ့ထုတ်ပြန်ချက်အရ ရောဂါပျောက်ကင်းသွားတဲ့ လူနာနံပါတ်တွေကတော့ (၅၁)၊ (၉၉)၊ (၁၀၃)၊ (၁၀၄)၊ (၁၀၅)နဲ့ (၁၀၉) တို့ပဲဖြစ်ပါတယ်။ ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ COVID 19အတည်ပြုလူနာ (၁၆၁)ဦးထိရှိလာကာ သေဆုံးသူ (၆)ဦးနဲ့ ပြန်လည်ကောင်းမွန်လာသူ (၄၉)ဦးထိရှိလာပြီဖြစ်ပါတယ်။