အခက်အခဲ ကြုံတွေ့နေရတဲ့ သဘင်ပညာရှင်တွေကို ထောက်ပံ့ကူညီပေးသွားမယ့် " ပိုသူလှူ လိုသူကူ" အွန်လိုင်းဈေးရောင်းပွဲတော်ကနေတဆင့် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ ဇနီးမောင်နှံက ငွေကျပ်(၅) သိန်း လှူဒါန်းခဲ့တာ တွေ့ရပါတယ်။
Photo: Pyay Ti Oo
ပရိသတ်တွေအခိုင်အမာ ရရှိထားတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံက သဘင်ပညာရှင်တွေ ဖွဲ့စည်းထားတဲ့ " ပိုသူလှူ လိုသူကူ"အွန်လိုင်းဈေးရောင်းပွဲတော် အတွက် ငွေကျပ်(၅) သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
" အကယ်ဒမီ ပြေတီဦး + အကယ်ဒမီ အိန္ဒြာကျော်ဇင် မိသားစု မှ "ပိုသူလှူ လိုသူကူ" အစီအစဉ်အတွက်
အလှူငွေ (၅) သိန်းကျပ်တိတိ လှူဒါန်းပါသဖြင့် ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုအပ်ပါသည်။ ကိုပြေတီ နှင့် မအူဝဲ တစ်မိသားစုလုံး ဆထက်ထမ်းပိုး လှူဒါန်းနိုင်ကြပါစေ။ အမြဲပျော်ရွှင်ငြိမ်းချမ်းကြပါစေ" ဆိုပြီးတော့ ဇူလိုင် ၂၁ ရက်နေ့ ညက ပိုသူလှူ လိုသူကူ Facebook Page ကနေတဆင့် ပတ္တမြားကေခိုင်က ကျေးဇူးတင်စကား ဆိုခဲ့တာ တွေ့ရပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ အလှူကို ပရိသတ်တွေကလည်း Comment ကနေတဆင့် သာဓု (၃) ကြိမ် ခေါ်ဆိုခဲ့ကြပါသေးတယ်။ " ပိုသူလှူ လိုသူကူ" အွန်လိုင်း ဈေးရောင်းပွဲတော်ကနေတဆင့် Covid ကာလအတွင်း အခက်အခဲကြုံနေရတဲ့ သဘင်ပညာရှင်တိုင်းကို ထောက်ပံ့ကူညီပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
Photo: Pyay Ti oo
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံဟာ ဧပြီလတုန်းကလည်း COVID-19 ကာလမှာ စားဝတ်နေရေးအခက်အခဲကြုံနေရတဲ့ ပရိသတ်တွေအတွက် We Love Yangon ကနေတဆင့် ငွေကျပ်(၁၀) သိန်းကို လှူဒါန်းခဲ့ပါသေးတယ်။ မေလ တုန်းကလည်း ဝါရင့်အနုပညာရှင်ကြီးတွေ ဖွဲ့စည်းထားတဲ့ အမေများ အဖွဲ့ အတွက်ကိုလည်း ငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့ပါသေးတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးကြသူတွေ ဖြစ်သလို လက်ရှိမှာလည်း ပြေတီဦးဟာ ပြေတီဦးဖောင်ဒေးရှင်း ကို ဦးဆောင်နေသူ ဖြစ်ပြီး အိန္ဒြာကျော်ဇင်ကတော့ ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို ဘေးကနေ လိုက်ပါဆောင်ရွက်ပေးနေတာကိုလည်း တွေ့ရပါတယ်။
Photo: Amazing Grace
ပြေတီဦးဟာ ၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။ အခုဆိုရင်တော့ သုဒ္ဒါ ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားပြီဖြစ်ပါတယ်။