ကိုယ်ပိုင် စမတ်ဖုန်းထုတ်လာတာ ၃ နှစ်ပဲ ကြာသေးတဲ့ Google က ဒီနှစ်မှာ ဘာတွေ အဆန်းလုပ်ပြသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။
Photo: GSMArena
Pixel 3 နဲ့3XL နာမည်နဲ့ထွက်လာမယ့် Google ဖုန်းသစ်တွေကို နယူးယော့မှာ ကျင်းပသွားမယ်လို့ဆိုပါတယ်။ အရင်ကတော့ ကယ်လီဖိုးနီးယားပြည်နယ် Mountain View မှာ ကျင်းပခဲ့တာပါ။ အောက်တိုဘာလ ၉ ရက်နေ့မိတ်ဆက်မယ်လို့ကြေငြာထားပြီး အနီးစပ်ဆုံးသတင်းတွေလည်း ကြားနေရပါတယ်။
သတင်းတွေအရ Google ဟာ Pixel 3 နဲ့3XL တို့ကို notch display နဲ့ပွဲထုတ်သွားဖို့သေချာသလောက် ဖြစ်နေပါတယ်။ မျက်နှာပြင်အရွယ်အစားအနေနဲ့Pixel 3 နဲ့3XL တို့ဟာ ၅.၅ လက်မနဲ့၆.၇၁ လက်မစီ ရှိလာမယ်လို့သတင်းထွက်ထားပါတယ်။ high-end မော်ဒယ်တွေ ဖြစ်တဲ့အတိုင်း ဒီနှစ်ရဲ့ အမြင့်ဆုံး Snapdragon 845 Processor နဲ့လာပြီး အနိမ့်ဆုံး RAM 4GB သုံးသွားဖို့ရှိပါတယ်။
ကင်မရာပိုင်းမှာ စိတ်ဝင်စားစရာက ကျောဘက်မှာ single ကင်မရာတစ်လုံးတည်း သုံးထားပေမယ့် ရှေ့မှာ dual cameras တွေ သုံးမယ်လို့သတင်းထွက်ထားတာပါ။ ဒီသတင်းမှန်မယ်ဆိုရင်တော့ Google ဟာ ဆယ်လ်ဖီကင်မရာပိုင်းမှာ စိတ်လှုပ်ရှားစရာတွေ ဖန်တီးသွားမယ်လို့ယူဆရပါတယ်။အခုထိတော့ Google ဟာ dual cameras စနစ်ကို မသုံးဖူးသေးတာကလည်း မှတ်သားစရာပါ။
အရင်နှစ် Google Pixel 2/2XL တို့ရဲ့ ထူးခြားမှုက Dual Pixel OIS ရုပ်ငြိမ်စနစ်တွေအပြင် လေးစားလောက်တဲ့ ကင်မရာစွမ်းရည်ပါ ပြသနိုင်ခဲ့ပါတယ်။ Pixel 2 စီးရီးကစပြီး IP67 rating ရေစို/ဖုန်တင်ဒဏ် ခံနိုင်ပြီ ဖြစ်လို့ဒီနှစ်မှာလည်း ရေစိုခံ Pixel ဖုန်းသစ်များကို မြင်ရတော့မှာပါ။ မှန်ကိုယ်ထည်နဲ့ထွက်လာမယ့် ဖုန်းတွေ ဖြစ်လို့Pixel 3/3XL တို့ဟာ ကြိုးမဲ့ အားသွင်းစနစ် သုံးနိုင်မယ်လို့ယူဆနေကြပါတယ်။
Photo: Gizmodo
Google ဟာ Pixel 3 မိတ်ဆက်ပွဲမှာ PixelBook ၊ Google Home Mini စမတ်စပီကာနဲ့အတူ Pixel Buds နားကြပ်သစ်များလည်း ကြေငြာသွားဖို့ရှိပါတယ်။