ရီးရဲလ်မက်ဒရစ်ရဲ့ အသက် (၁၈) နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမားလေး အာဒါဂူလာဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားအဖြစ် တရားဝင်မိတ်ဆက်တဲ့ အခမ်းအနားမှာ ငိုရခက်၊ ရယ်ရခက် အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီကစားသမားအတွက် ရီးရဲလ်မက်ဒရစ်တို့ ဖီနာဘာချီကို ပြောင်းရွှေ့ကြေး ပေါင် (၂၅) သန်းဝန်းကျင် ပေးချေခဲ့ရပါတယ်။
တူရကီကစားသမားလေး အာဒါဂူလာကို မနေ့က ရီးရဲလ်မက်ဒရစ် ကစားသမားအဖြစ် တရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ဒီအခမ်းအနားမှာ အာဒါဂူလာက ပီရက်ဇ် မိန့်ခွန်းပြောနေချိန်မှာပဲ စင်ပေါ်ကို ကြောင်တောင်တောင်နဲ့ ရောက်သွားခဲ့တာဖြစ်ပါတယ်။ အာဒါဂူလာတစ်ယောက်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း သိပုံမပေါ်တော့ဘဲ ပီရက်ဇ်စကားပြောနေချိန်မှာ ဘေးကနေ ရပ်နေခဲ့ပါတယ်။
ပရိသတ်တွေကတော့ ဒီဖြစ်ရပ်ကို တော်တော်လေး သဘောကျနေပြီး အာဒါဂူလာတစ်ယောက် ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်သွားခဲ့ပြီလို့ ဆိုရမှာပါ။ ပရိသတ်တွေက “ရယ်လိုက်ရတာကွာ။ အာဒါဂူလာက ပီရက်ဇ် မိန့်ခွန်းပြောလို့ မပြီးသေးခင်မှာတင် အစောကြီး ထသွားပြီး စင်ပေါ် ရောက်နေတာ။ ငါတော့ ဒီကောင်လေးကို တော်တော် သဘောကျနေပြီ”
“ရီးရဲလ်မက်ဒရစ်အတွက် ကစားရတာက တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုတာ အမှန်ပဲ” “ဒါက မြင်ဖူးသမျှထဲမှာ တကယ့်ကို ကိုးလို့ကန့်လန့် အနိုင်ဆုံးပဲ” လို့ မှတ်ချက်ပြုရင်း သဘောကျနေကြပါတယ်။ ဒီကောင်လေးကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်ရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာကလည်း ကြိုးစားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဒါဂူလာကို အိုဇေးလ်၊ မိုဒရစ်တို့လို ကစားသမားဟောင်းတွေ၊ ကစားသမားတွေကပါ ရီးရဲလ်မက်ဒရစ်ကို လာရောက်ကစားဖို့ စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှု ရောက်ရှိလာချိန်မှာတော့ အာဒါဂူလာက ဘာစီလိုနာကို လျစ်လျူရှုခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကိုသာ ပြောင်းရွှေ့ဖို့ အခိုင်အမာ ဆုံးဖြတ်သွားခဲ့တာဖြစ်ပါတယ်။