အပြင်မှာဆို ရုပ်တည်ကြီးနဲ့နေပြီး အငြိမ့်က နေရရင် ပျော်နေတတ်တဲ့မင်းမော်ကွန်းအကြောင်းတွေကို ကျော်ကျော်ဗိုက အရွှန်းဖောက်ပြောပြလာပါတယ်။ ရဲလေးကလည်း ပြက်လုံးထုတ်ရင် အကြီးတွေကို သတိထားနေရတဲ့အကြောင်းပြောခဲ့ပါသေးတယ်။
မကြာခင်မှာ ‘’နှင်းဆီလှေ’’ ဆိုပြီးတော့ အငြိမ့်ကကြမယ့် နှင်းဆီ အဖွဲ့သားတွေက စင်ပေါ်မှာ ပျော်ပျော်ပါးပါး ပြက်လုံးတွေ ထုတ်ဖြစ်ခဲ့တဲ့အကြောင်းပြောလာပါတယ်။ အပြင်မှာဆို အနေအေးတဲ့ မင်းမော်ကွန်းတစ်ယောက် ပြက်လုံးပြောနေရပြီဆိုရင် ပျော်ရွှင်နေတတ်တယ်ဆိုတာကို ကျော်ကျော်ဗိုက မီဒီယာ အင်တာဗျူးတွေကနေတဆင့် စနောက်ခဲ့ပြောပြခဲ့ပါတယ်။
‘’သူက အဲဒီအချိန်ကျတော့မှ ဖွင့်ထုတ်ရတော့တာကိုး။ သူက ချော်လဲရောထိုင် လုပ်လိုက်တာ ကျန်တဲ့ အချိန်ကျတော့ မြိုသိပ်ထားရတာပေါ့။ ပွဲမှာကျတော့ ယောကျ်ားလေးတွေ အများကြီးလာကြည့်တော့ သူက ပွင့်ထွက်တယ်လေ။ အိမ်က မိန်းမတွေကိုလည်း ချစ်စရာကောင်းအောင် စနောက်ပြီးတော့ ပြက်လုံးထဲမှာ ထည့်ပြတ်တာမျိုးတွေလည်းရှိပါတယ်။ ’’ ဆိုပြီးတော့ စနောက် ခဲ့ကြပါတယ်။
အဲဒီနောက် နှင်းဆီအဖွဲ့ထဲမှာ အငယ်ဆုံး နှစ်ယောက်ရှိတဲ့အထဲက အဆိုတော်ရဲလေးကလည်း သူ့ရဲ့ ဟာသ ပြက်လုံးလေးတွေအကြောင်းပြောပြလာပါတယ်။ ပရိသတ်ရယ်ရဖို့အတွက် အကြီးတွေကိုလည်း ပြောသင့် ပြောရတယ်ဆိုပြီးတော့ စက်တင်ဘာလ ၂၆ ရက်နေ့ က ‘’နှင်းဆီလှေ’’ စာနယ်ဇင်း မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။
‘’ ကျွန်တော်တို့လည်း ကိုယ်တက်တဲ့ ပညာလေးနဲ့ ပြန်ခွပ်ရတာပေါ့နော်။ ဟာသလုပ်နေတဲ့အချိန်မှာ အကြီး၊အငယ်တွေ မသိတော့ဘူး။ စင်ပေါ်မှာ လုပ်တာတွေကို ဘုန်းကြီးခေါင်းခေါက်ပြီးမှ ပြန်ကန်တော့လိုက်သလို ရတာပဲလေ။ အဲဒီလို ပြန်ပြောနိုင်မှလည်း အောက်က ပရိသတ်က ရယ်မှာလေ။ မပြောနိုင်ရင်တော့ အ တာပေါ့။ အမြဲတမ်း ကိုယ့်အတွက်တော့ ပြင်ဆင်ထားပါတယ်။ ထွန်းထွန်းက ကျွန်တော်နဲ့ ရွယ်တူဆိုတော့ သိပ်မခုတ်ဘူး။ ကျန်တဲ့ အကြီး သုံးယောက်ကိုပဲ သတိထားရတာပါ’’ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ပြောပြလာပါတယ်။
နာမည်ကြီး အနုပညာရှင်တွေ ဖွဲ့စည်းထားတဲ့ နှင်းဆီအဖွဲ့က ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ “နှင်းဆီလှေ” ဆိုတဲ့ နာမည်နဲ့ ရန်ပုံငွေ ဖျော်ဖြေပွဲ ကပြတော့မှာ ဖြစ်ပါတယ်။ သဘာဝဘေးဒဏ် ခံစားနေရတဲ့ ဒေသများ ပြန်လည်ထူထောင်ဖို့အတွက် ရည်ရွယ်ပြီး အောက်တိုဘာ(၄) ရက်နေ့နဲ့ (၅) ရက်နေ့တို့မှာ ပြုလုပ်သွားမှာပါ။အောက်တိုဘာလ ၄ ရက်နေ့ ည ၇ နာရီမှာတော့ YCC မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အောက်တိုဘာလ ၅ ရက်နေ့မှာတော့ မန္တလေးမြို့မှာရှိတဲ့ အမျိုးသားကဇာတ်ရုံမှာ ည ၇ နာရီကစပြီး ကပြဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ နှင်းဆီအဖွဲ့ကို နာမည်ကြီး သရုပ်ဆောင်များနဲ့ ၂၀၀၇ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ကပြဖျော်ဖြေခဲ့တာ ယခုလို ဆိုရင် ဆယ်စုနှစ်တစ်စုရှိခဲ့ပါပြီ။ မင်းသားတွေဖြစ်တဲ့ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်းနဲ့ ရဲလေးတို့က လူရွှင်တော်အဖြစ် ပါဝင်ထားတဲ့ နှင်းဆီအငြိမ့်များဟာ ပရိသတ်တွေကြားမှာ အရမ်းအောင်မြင်တဲ့ အငြိမ့်ပွဲတွေ ဖြစ်ပါတယ်။