ယူနိုက်တက်နဲ့ ဒီနေ့ကစားရမယ့် ဒုတိယအကျော့ပွဲမတိုင်ခင် ပြောလိုက်တာပါ။

မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲမတိုင်ခင်မှာ ဆီဗီလာအသင်းရဲ့ ဆာဘီးယားကွင်းလယ်လူ နီမန်ဂျာဂူဒယ်ဂျ်က ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့တုန်းက သူတို့အသင်းဟာ တတိယဂိုးတောင်မှ ရရှိနိုင်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီနေ့ကစားရမယ့် ပွဲဟာ နှစ်သင်းစလုံးအတွက် အခွင့်အရေး ညီတူမျှတူရှိနေပြီး ဂူဒယ်ဂျ်က ပထမအကျော့အခြေအနေကို ပြောဆိုခဲ့တာပါ။ 

ပထမအကျော့တုန်းက ယူနိုက်တက်ဟာ ဆာဘစ်ဇာရဲ့ ဂိုးတွေကြောင့် ၂ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ ဒုတိယပိုင်းပြီးခါနီးမှာ မာလာစီယာ၊ မက်ဂွိုင်းယားတို့ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မှုတွေကြောင့် ၂ဂိုးစီသရေကျခဲ့တာဖြစ်ပါတယ်။ တကယ်လို့သာ နောက်ထပ် ၅ မိနစ်လောက် ထပ်ကစားခဲ့ရမယ်ဆိုရင် ဆီဗီလာက တတိယဂိုးသွင်းနိုင်ခဲ့မှာလို့ ဂူဒယ်ဂျ်က ပြောဆိုခဲ့တာပါ။ 

"ကျနော်တို့အသင်းက အရမ်းယုံကြည်ချက်ရှိပါတယ်၊ အရည်အသွေးလည်း အများကြီးရှိပါတယ်၊ ပထမအကျော့တုန်းက ၂-၀ ဖြစ်နေချိန်တောင် ကျနော်တို့ ပျာယာခပ်မနေခဲ့ပါဘူး၊ အပြောင်းအလဲနည်းနည်းလုပ်ခဲ့ပြီးတော့ တတိယဂိုးရဖို့အထိတောင်မှ လုပ်နိုင်ခဲ့တာပါ၊ နောက်ထပ် ၅ မိနစ်လောက်သာ ထပ်ကစားရမယ်ဆိုရင် တတိယဂိုးပါ ရမှာပါ"

"ဒီပြိုင်ပွဲမှာ ဆီဗီလာက အကြီးမားဆုံးအသင်းပါ၊ ပြိုင်ဘက်အသင်းနာမည်ကြောင့် ကြောက်နေမှာလည်းမဟုတ်ပါဘူး၊ ကိုယ့်အကြောင်းကိုယ် အရင်ဆုံးတွေးပြီးတော့ ကစားမှာဖြစ်ပြီး ပြီးတော့မှ သူတို့အကြောင်းတွေးမှာပါ၊ ပထမအကျော့က ကံကောင်းခဲ့တာလည်းမဟုတ်ဘဲ အားထုတ်မှုကြောင့် ဂိုးတွေပြန်ရခဲ့တာပါ" လို့ ဂူဒယ်ဂျ်က ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က