ပလိုင်းမောက်နည်းပြအဖြစ် ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ရွန်းနီက အသင်းဖော်ဟောင်း ဂယ်ရီနဗီးလ်နဲ့ ပတ်သက်လို့ ထိုးနှက်ပြောကြားလိုက်ပါတယ်။ ရွန်းနီဟာ လာမယ့်ရာသီသစ်မှာ ပလိုင်းမောက်ရဲ့ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်မှာပါ။
ရွန်းနီအနေနဲ့ အဆိုပါ လိဂ်ချန်ပီယံရှစ်အသင်းနဲ့ (၃) နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ရွန်းနီဟာ နည်းပြဘဝမှာ အောင်မြင်မှု ရရှိဖို့ ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။
နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ဘာမင်ဂမ်မှာလည်း (၁၅) ပွဲမှာ (၉) ပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့် ရက်ပေါင်း (၈၃) ရက်နဲ့ နည်းပြရာထူးကနေ အထုတ်ခံခဲ့ရတာပါ။ ရွန်းနီကိုင်တွယ်ခဲ့တဲ့ ဘာမင်ဂမ်ကလည်း ရာသီကုန်မှာ ချန်ပီယံရှစ်ကနေ တန်းဆင်းသွားခဲ့ပါတယ်။
ပလိုင်းမောက်နည်းပြသစ်အဖြစ် ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ရွန်းနီက “ကျနော် ဂယ်ရီနဗီးလ် လက်သစ်မဖြစ်ချင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ နဗီးလ်ကလည်း နည်းပြဘဝမှာ အောင်မြင်မှုမရခဲ့ဘဲ အခုချိန်မှာ ရုပ်သံဝေဖန်သုံးသပ်သူအဖြစ်သာ ဆောင်ရွက်နေပါတယ်။
အထူးသဖြင့် နဗီးလ်က ဗလင်စီယာနည်းပြဘဝမှာ တော်တော်လေး အခြေအနေဆိုးခဲ့တာပါ။ နဗီးလ်ဟာ ဗလင်စီယာကို (၄) လကြာသာ ကိုင်တွယ်ခဲ့ရပြီး လိဂ်ပွဲ (၁၆) ပွဲမှာ (၃) ပွဲသာ အနိုင်ရရှိခဲ့တာကြောင့် ရာထူးကနေ အထုတ်ပယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။