အန်တိုနီဟာ စနေနေ့ညနေက ရက်ဒင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အတွင်းမှာ ဘာဘာ ရာမန်ကို ကျော်ဖြတ်ဖို့ ကြိုးပမ်းခဲ့ချိန်မှာ ခြေချော်လဲကျသွားခဲ့တာကြောင့် ပြိုင်ဘက်ပရိသတ်တွေဟာ လူမှုကွန်ရက်ပေါ်မှာ လှောင်ပြောင်ခဲ့ကြပါတယ်။
ဘရာဇီးလ်တောင်ပံကစားသမားဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း ညာတောင်ပံကနေ ပွဲထွက်ပါဝင်ကစားခဲ့တာဖြစ်ပြီး အဲရစ် တန်ဟက်ဟာ မျှော်မှန်းထားတာထက် ပိုမိုအားကောင်းတဲ့လူစာရင်းကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဗုဒ္ဓဟူးနေ့က နော်တင်ဟမ် ဖောရက်စ်ကို အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်က လူစာရင်းကို အပြောင်းအလဲ တစ်ခုသာ ပြုလုပ်ခဲ့တာဖြစ်ပြီး လီဆန်ဒရို မာတီနက်ဇ်ရဲ့နေရာမှာ ဟာရီ မက်ဂွိုင်းယားကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
တန်ဟက်ရဲ့အသင်းက ကာစီမီရိုနဲ့ ရှားရှားပါးပါး ဂိုးသွင်းတဲ့ ဖရက်ဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး အန်တိုနီဟာ ကာစီမီရိုရဲ့ ပထမဂိုးကို ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်တောင်ပံကစားသမားဟာ ကမ္ဘာ့ဖလားနားရက်ကနေ ပြန်လာပြီးကတည်းက ပုံမှန်ခြေစွမ်း မပြသနိုင်ခဲ့တဲ့နောက် နောက်ထပ်တစ်ကြိမ် ပုံစံကောင်း စတင်ရှာတွေ့လာခဲ့တာဖြစ်ပြီး ရက်ဒင်းနဲ့ပွဲစဉ်မှာ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပေမယ့်လည်း ဘရာဇီးလ်ကြယ်ပွင့်ရဲ့ အလွဲကိုသာ မြင်ခဲ့ကြတာ ဖြစ်ပါတယ်။
ပွဲကစားချိန်မိနစ် ၆၀ မှာ အန်တိုနီဟာ ညာတောင်ပံကနေ ရာမန်ကို ဘောလုံးနဲ့အတူ ဖြတ်ကျော်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး ချဲလ်ဆီးကနေ အငှားနဲ့လာကစားနေတဲ့ နောက်ခံတောင်ပံကစားသမားကို ခန္ဓာကိုယ်အယောင်ပြမှုတွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ရာမန်ဟာ အန်တိုနီကို ကော်လိုမျိုး လိုက်ကပ်နေခဲ့ပြီး မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမားကို လိမ်ခေါက်ဖို့ နေရာလွတ် မရှိအောင် ဖိအားလိုက်ပေးခဲ့တာကြောင့် ဘရာဇီးလ်ကြယ်ပွင့်ဟာ ဘောလုံးအကြာကြီး ကိုင်ထားခဲ့ရပြီးနောက် ခြေချော်လဲကျခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ကာစီမီရိုဟာ တောင်ပံမှာ ထွက်မရဖြစ်နေတဲ့ အန်တိုနီဆီကနေ ဘောလုံးရယူဖို့ တောင်ပံကို ထွက်လာခဲ့ရပြီး အဲဒီဗီဒီယိုဖိုင်ဟာ ကြည့်ရှုသူ ၂ သန်းကျော်ရှိခဲ့တာဖြစ်ပါတယ်။ "သူတို့တွေက လူရွှင်တော်ကို ခေါ်ခဲ့တာပဲ။ အန်တိုနီက အံ့အားသင့်လောက်အောင် ရယ်ရပြီး စိတ်ပျက်စရာကောင်းတယ်"လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး "သူ ဘာတွေ လုပ်နေတာလဲ"လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။