အမျိုးသမီးခရီးသည် (၂၁)ဦးလိုက်ပါလာတဲ့ အဆိုပါဘုရားဖူးယာဉ်ဟာ ဇလုံတောင်ကနေ ဘုရားဖူးပြီး ပြန်အလာမှာ အခုလိုမတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်မှာ ဖေဖော်ဝါရီလ(၅)ရက်နေ့က ဇလုံတောင်ကနေဘုရားဖူးပြီး ပြန်လာတဲ့ ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျကာ (၇)ဦးသေဆုံးခဲ့ပြီး (၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အဆိုပါ ဘုရားဖူးယာဉ်ဟာ ပင်လည်ဘူးမြို့နယ် မိုင်းတုံတာကြီးကျေးရွာနဲ့ မိုင်းတုံတာလေးကျေးရွာ ကြားမှာ အခုလိုမတော်တဆမှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
" ဘုရားဖူးကားက ပင်လည်ဘူးမြို့နယ် ကျေးရွာကကားပဲ။ သူတို့ရွာကိုရောက်ခါနီးမှာအခုလိုဖြစ်သွားတာ။ မော်ဟိုင်းကျေးရွာကလို့ပြောတယ်။ တောင်ပေါ်တက်တဲ့အခါမှာ ဂီယာချိန်းတာကို မဝင်ဘဲ ပြန်ပြုတ်ကျတဲ့သဘော။ ဘေးကချောက်ထဲကိုကျသွားတာ။ (၇)ဦးသေတယ်။ ဒဏ်ရာရတာက (၈)ဦး၊(၄)ဦးက စိုးရိမ်ရလို့ မန္တလေးဆေးရုံကို လွှဲပြောင်းလိုက်ပြီ။ ကျန်တဲ့ (၄)ဦးကတော့ ပင်လည်ဘူးဆေးရုံမှာပဲလို့ ပင်လည်ဘူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်က Duwun ကိုပြောပါတယ်။
အဆိုပါ မတော်တဆဖြစ်ပွားခဲ့တဲ့ ဘုရားဖူးကားပေါ်မှာ အမျိုးသမီး (၂၁)ဦးလိုက်ပါလာခဲ့တာဖြစ်ပြီး စိုးရိမ်ရတဲ့ လူနာ (၄)ဦးထဲမှာ ကားဒရိုက်ဘာလည်းပါဝင်တယ်လို့ သိရပါတယ်။ ယာဉ်မတော်တဆမှုနဲ့ ပတ်သက်လို့ ရဲစခန်းကပဲ လုပ်ထုံးလုပ်နည်းတိုင်း ဆက်လက်ဆောင်ရွက်လျှက်ရှိတယ်လို့ ဦးသန်းလှိုင်က ပြောပါတယ်။