Paul Austin က The Voice Myanmar(Season 2) မှာ Winner မဖြစ်ခဲ့ပေမယ့်လည်း ဂီတအလုပ်တွေ ဆက်လုပ်သွားဦးမယ်လို့ဆိုပါတယ်။ သူ့ကိုတော့ ကောင်မလေးတွေက ပြုံးလိုက်ရင် ပိုချစ်ကြတယ်လို့ ပြောပါတယ်။
Photo: Paul
The Voice Myanmar( Season 2) ပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ Paul Austin ဟာ မြန်မာနိုင်ငံမှာပဲနေတော့မယ်လို့ ဆိုပါတယ်။ သူဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး The Voice Myanmar ပြိုင်ဖို့အတွက် အလုပ်ထွက်ခဲ့တာဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ ကျွန်တော်က မြန်မာပြည်မှာပဲနေမှာပါ။ အခုက ဟိုကနေ အလုပ်ထွက်လာခဲ့ပြီဆိုတော့ အနုပညာအလုပ်ထဲကို တစိုက်မတ်မတ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ မြန်မာပြည်မှာရှိတဲ့ ကျွန်တော့် ပရိသတ်တွေအားလုံးလည်း ကျွန်တော့်ကို လက်ခံမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ’’ လို့ ဆိုပါတယ်။
Photo: Paul
ဒါပေမယ့် ပြိုင်ပွဲတစ်လျှောက်လုံးမှာတော့ Paul ကို အားပေးကြတာ မိန်းကလေးပရိသတ်က ပိုများပါတယ်။ ဒါဟာ Paul ရဲ့ အပြုံးတစ်ခုကြောင့်ပါလို့လည်း သဘောကျရယ်မောရင်း ပြောပြထားပါသေးတယ်။
‘’ ကျွန်တော့်ဘာသာ ကျွန်တော်ပြောရင်တော့ သိပ်မကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော် ပြုံးလိုက်ရင် သူတို့ ကြိုက်ပါတယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက ပြုံးတာဆိုတော့ အမြဲတမ်း ပြုံးနေပါ့မယ်’’ ဆိုပြီးတော့ ဇွန်လ ၁၆ ရက်နေ့ညက The Voice Myanmar ပြိုင်ပွဲ နောက်ဆုံးနေ့မှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။
Photo: Paul
Paul Austin ဟာ ပြိုင်ပွဲမှာ Winner ဆုမရခဲ့ပေမယ့် ဂီတလမ်းကြောင်းပေါ်မှာတော့ ဆက်လက်လျှောက်လှမ်းသွားမယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ရပ်တည်ချက်ကိုလည်း ပရိသတ်တွေက အားပေးစေချင်ပါတယ်တဲ့။
‘’ကျွန်တော် သီချင်းတွေ ထုတ်မယ်။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် ကျွန်တော် အမြဲတမ်း ကြိုးစားပါ့မယ်။ ပရိသတ်တွေရဲ့ အရှေ့မှာ ကျွန်တော် အမြဲတမ်း ရှိနေနိုင်ဖို့ကိုလည်း အကောင်းဆုံး ကြိုးစားသွားမှာပါ’’ လို့ သူကဆိုပါတယ်။
Photo: Paul
Paul Austin က အသက် ၂၇ နှစ်ရှိပါပြီ။ သူ့ရဲ့ မွေးရပ်ဇာတိက လားရှိုးက ဖြစ်ပါတယ်။ ထိုင်းမှာ အလုပ်လုပ်နေတာဖြစ်ပြီး The Voice Thailand မှာလည်း သီချင်းဆိုတာ ပြိုင်ပွဲဝင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ဘာသာစကားအခက်အခဲကြောင့် ထိပ်ဆုံးထိမရောက်ခဲ့နိုင်ဘူးလို့ဆိုပါတယ်။
Share