လျှပ်စစ်ကားတွေမှာ သုံးတဲ့ ဘက်ထရီအတွက်က သတ္ထုတွေ တူးဖော်စရာမလိုတဲ့ နည်းပညာတစ်ရပ်ကို IBM က တီထွင်ထားပါတယ်။
International Business Machines (IBM) ဟာ ကိုဘော့မလိုဘဲ ပင်လယ်ရေကနေ စစ်ထုတ် ရရှိတဲ့ အရာဝတ္ထုတွေကို သုံးပြီး ဘက်ထရီနည်းပညာသစ် တစ်မျိုး ဖော်ထုတ်ခဲ့တယ်လို့ Venture Beat သတင်းက ဖော်ပြထားပါတယ်။ IBM Research Battery Lab ဟာ Daimler AG ရဲ့ Mercedes-Benz ၊ ဘက်ထရီအီလက်ထရိုလိုက်ဒ်ကုမ္ပဏီ Central Glass နဲ့ ဘက်ထရီကုမ္ပဏီ Sidus တို့နဲ့ ပူးပေါင်းပြီး ဒီနည်းပညာဒီဇိုင်းသစ်ကို စီးပွားဖြစ် ထုတ်လုပ်ဖို့ပါ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
Photo: Engadget
" ကျွန်တော်တို့ ရည်မှန်းချက်ကတော့ တစ်နှစ်လောက်အတွင်းမှာကို လက်တွေ့အလုပ်လုပ်နိုင်တဲ့ ဘက်ထရီနမူနာတွေ ထုတ်ဖို့ပါပဲ" လို့ IBM Research ရဲ့ ဒုဥက္ကဌ ဂျက်ဖ်ဝဲလ်ဆာက ပြောပါတယ်။ IBM အနေနဲ့ ယခုဒီဇိုင်းကို အသုံးပြုပြီး ထုတ်ကုန်တစ်ခု ထုတ်ရုံနဲ့တင် ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဘက်ထရီနည်းပညာသစ် တီထွင်ရခြင်းဟာ ဒီနေ့ခေတ် လစ်သီယံအိုင်ယွန်ဘက်ထရီတွေမှာ သုံးနေတဲ့ တွင်းထွက် သတ္ထုတွေနဲ့ တစ်ခြား အရာဝတ္ထုတွေရဲ့ နေရာမှာ ပိုပြီး သဘာဝနဲ့ လျော်ညီတဲ့ စွမ်းအင်သိုလှောင်မှုပုံစံတစ်ရပ် ဖြစ်လာဖို့ပါ။ တစ်နည်းအားဖြင့် ပြန်လည်အားသွင်း အသုံးပြုနိုင်တဲ့ အီလက်ထရောနစ် ထုတ်ကုန်များ ထုတ်လုပ်ရာမှာ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု လျှော့ချဖို့ ဖြစ်ပါတယ်။
ဖန်လုံအိမ်အာနိသင် လျှော့ချရေးအတွက် ဒီနေ့ခေတ်မှာ တွင်တွင်ကျယ်ကျယ်သုံးလာတဲ့ လျှပ်စစ်ကားတွေ ၊ စမတ်ဖုန်းတွေနဲ့ တစ်ခြား လူသုံးကုန် အီလက်ထရွန်းနစ် ပစ္စည်းအများအပြားမှာ လစ်သီယံအိုင်ယွန်ဘက်ထရီတွေ သုံးနေကြပါတယ်။ လစ်သီယံအိုင်ယွန်ဘက်ထရီတွေထဲမှာ အဓိက ပါတဲ့ သတ္ထုက နစ်ကယ်နဲ့ ကိုဘော့ပါ။
Photo: openpaper
သတ္ထုမိုင်းတွင်းတွေထဲက တူးဖော်ရရှိတဲ့ ကိုဘော့ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ဒီတစ်ပတ်ထဲမှာပဲ IRA လို့ခေါ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဟာ ကွန်ဂိုမိသားစု ၁၄ စုကိုယ်စား Apple ၊ Google ၊ Microsoft ၊ Dell နဲ့ Tesla ကုမ္ပဏီတွေကို အိုဟိုင်းယိုးပြည်နယ် ကိုလံဘီယာတရားရုံးမှာ တရားစွဲထားပါတယ်။ ကိုဘော့ဒြပ်စင်သုံး လစ်သီယံအိုင်ယွန်ဘက်ထရီတွေဟာ မီးလောင်လွယ်တဲ့ ပြဿနာလည်း ရှိနေပါတယ်။
IBM ရဲ့ ထုတ်ပြန်ချက်မှာတော့ ပင်လယ်ရေကနေ ထုတ်လုပ်တဲ့ ဘက်ထရီနည်းပညာသစ်ဟာ လက်ရှိ လစ်သီယံအိုင်ယွန်ဘက်ထရီတွေထက် ကုန်ကျစရိတ်ပိုမိုသက်သာသလို အားသွင်းချိန်လည်း မြန်ဆင်ပြီး ပါဝါသိပ်သည်းမှုနဲ့ စွမ်းအင် ထိရောက်မှုပိုင်းလည်း ပိုသာလွန်မယ်လို့ ဆိုပါတယ်။ မီးလောင်ပေါက်ကွဲမှု ဖြစ်နိုင်ခြေလည်း နည်းပညာပြီး လျှပ်စစ်ကားနဲ့ ထရပ်တွေအပြင် လေယာဉ်နဲ့ စမတ်စွမ်းအင်သုံး power grid တွေမှာပါ သုံးနိုင်မယ်လို့ ကြေညာထားပါတယ်။