ပင်လယ်ပြင်အတွင်းက ကျားဖောင်လုပ်ငန်းခွင်ကို သွားရောက်စစ်ဆေးရာမှာ စက်လှေနဲ့မဟုတ်ဘဲ တခြားနည်းလမ်းနဲ့ သွားနိုင်ဖို့ ကြိုးစားနေတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။
ပင်လယ်ပြင်ကို စက်လှေနဲ့ သွားရောက်မည်ဆိုပါက (၁၀) နာရီလောက်အထိ ကြာမြင့်နိုင်ပြီး လုံခြုံစိတ်ချရတဲ့အနေအထားမှာမရှိတာကြောင့် အခက်အခဲ ရှိနေတာကြောင့် အခြားနည်းလမ်းနဲ့သွားဖို့ စီစဉ်နေတယ်လို့ ဦးယုလွင်အောင်က Duwun ကိုပြောပါတယ်။
“ ပင်လယ်ပြင်ကို သွားဖို့က (၆) နာရီကနေ (၁၀) နာရီလောက်အထိ ကြာနိုင်တယ်။ ဟိုရောက်ရင် အလုပ်လုပ်ပြီးလို့ ပင်လယ်ပြင်ထဲမှာ ညအိပ်ဖို့ကလည်းမလွယ်ဘူး။ အန္တရာယ်လည်းရှိတယ်လေ။ ကျွန်တော်တို့ကတော့ စက်လှေနဲ့မဟုတ်ဘဲ တခြားနည်းလမ်းနဲ့ သွားလို့ရအောင် မျိုးစုံကြိုးစားနေပါတယ်။ သွားတာကတော့ သွားမှာပါ” လို့ ကော်မရှင် ဥက္ကဌ ဦးယုလွင်အောင်က အခြေအနေကို ရှင်းပြပါတယ်။
စက်လှေအခက်အခဲကြောင့် ပင်လယ်ပြင်က ကျားဖောင်လုပ်ငန်းကို သွားရောက်ဖို့ အခက်အခဲကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးယုလွင်အောင်က ဖြေကြားထားမှုအပေါ် ဝေဖန်မှုတွေလည်း ကြုံနေရပါတယ်။
“ ပင်လယ်ပြင်ကို သွားစစ်ဖို့က အသက်အန္တရာယ်အတွက်စိုးရိမ်ရတယ်လို့ ပြောရင် သေမှာကြောက်လားဆိုပြီး ပြောခံရဦးမယ်။ ကျွန်တော်တို့ကအခုတော့ ဘာပြောပြော အဆဲခံနေရတာပါပဲ” လို့ ဦးယုလွင်အောင်က ပြောပါတယ်။
ကျားဖောင်လုပ်ငန်းတွေကို စစ်ဆေးမှုကတော့ ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြီးစီးမယ်လို့ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ်က Duwun ကိုပြောပါတယ်။
“ ကျွန်တော်တို့စစ်ဆေးမှုက မနက်ဖြန်လောက်ဆိုပြီးပြီ။ ရှေ့တစ်ပတ်ထဲလောက်ဆို အသေးစိတ် ပြောပြပေးလို့ရနိုင်ပါတယ်။ “ လို့ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ်က Duwun ကိုပြောပါတယ်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဌ ဦးယုလွင်အောင်၊ အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်နဲ့ အတွင်းရေးမှူး ဦးဘုန်းကြွယ်တို့ပါဝင်တဲ့ အဖွဲ့ဟာ ဒီဇင်ဘာ ၂ ရက်ကစတင်ပြီး ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အတွင်း ကျားဖောင်လုပ်ငန်းက လုပ်ငန်းရှင်တွေ၊ ဖောင်ဦးစီးတွေ၊ ရေလုပ်သားတွေနဲ့ တွေ့ဆုံမှုလုပ်ခဲ့ပါတယ်။
“ ကျွန်တော်တို့ ကော်မရှင် ဥပဒေပုဒ်မ ၂၈ မှာ ဖော်ပြထားသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ပြန့်လာတာ၊ ဒီဒေသအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုက စနစ်တစ်ရပ်ဖြစ်ပေါ်လာတဲ့အတွက် ကျွန်တော်တို့လာရောက် ကွင်းဆင်းစုံစမ်းရခြင်းဖြစ်ပါတယ်” လို့ အတွင်းရေးမှူး ဦးဘုန်းကြွယ်က Duwun ကို ပြောပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားမောင်မြတ်သူရထွန်းကျားဖောင်လုပ်ငန်းမှာ ညှင်းပန်းနှိပ်စက်ခံရမှု အပြင် နောက်ဆက်တွဲ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် လူ့အခွင့်အရေးကော်မရှင်နေ သွားရောက်စုံစမ်းဖို့ ဖြစ်လာခဲ့ပါတယ်။
Share