ကျုးလွန်သူ ရေလုပ်သားကို ဖမ်းမိထားပါတယ်။

ဖျာပုံမြို့ ဒေါ်ညိမ်းကျေးရွာ အတွင်းက ပင်လယ်ပြင် ကျားဖောင်ပေါ်မှာ နောက်လိုက်ရေလုပ်သားက ဖောင်ဦးစီးကို ဓားနဲ ခုတ်သတ်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ဒေါ်ညိမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ကိုရွှေပေါက Duwun ကိုပြောပါတယ်။



ဖျာပုံမြို့နယ်အတွင်း ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းများ။

သေဆုံးသူ ဖောင်ဦးစီးဆိုသူမှာ အသက် (၅၃) နှစ်အရွယ် ဦးသန့်ဇော်ဆိုသူဖြစ်ပြီး ဒီဇင်ဘာ (၈) ရက်ညနေပိုင်းက ပင်လယ်ပြင်အတွင်း ဖောင်ပေါ်မှာ အိပ်ပျော်နေစဉ် နောက်လိုက်ရေလုပ်သားက ရဲတင်းနဲ့ ခုတ်သတ်ခဲ့ကြောင်း သိရပါတယ်။

ကျုးလွန်သူ ရေလုပ်သားမှာ အသက် (၂၁) နှစ်အရွယ် မင်းထက်စိုးဆိုသူဖြစ်ပြီး ဖောင်ဦးစီးက သူ့ကို အနိုင်ကျင့်ခိုင်းစေမှုကြောင့် အခုလို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့ ဒေါ်ညိမ်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ကျော်မြင့်နိုင်က Duwun ကိုပြောပါတယ်။

“ဖောင်ဦးစီးက သူ့ကို အနိုင်ကျင့်ပြီးခိုင်းတာလို့ ပြောပါတယ်။ မအိပ်ခိုင်းဘူးပေါ့။ မတရားခိုင်းတာတွေ မခံနိုင်တော့လို့ သတ်လိုက်တာလို့ ပြောပါတယ်။ “ လို့ ရဲအုပ်ကျော်မြင့်နိုင်က ဆိုပါတယ်။

ကျုးလွန်သူမှာ ရေးမြို့နယ်ကနေ ဖျာပုံမြို့ ပင်လယ်ပြင်ကျားဖောင်ပေါ်မှာ သူ့သဘောဆန္ဒအရ လာရောက်လုပ်ကိုင်ခဲ့တာဖြစ်ပြီး အလုပ်လုပ်တာ (၁) လခန့်ပဲ ရှိသေးတယ်လို့ ဒေါ်ညိမ်းနယ်မြေရဲစခန်းမှ သိရပါတယ်။

ခါးပြတ်ကျေးရွာနေ ရေလုပ်ငန်းရှင် ဦးစိုးပိုင် ပိုင်ဆိုင်တဲ့ အင်္ဂလန် ကမ်းဝေးကျားဖောင်လုပ်ငန်းက ခါးပြတ်ကျေးရွာ ပင်လယ်ကမ်းစပ်နဲ့ ရေမိုင် (၆၅) မိုင်ခန့်၊ ရေလံ (၁၃) လံခန့်အကွာ ဖောင်ဦးစီး ဦးသန့်ဇော်ဦးဆောင်ပြီး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေစဉ်အတွင်း လူသတ်မှုဖြစ်ပွားခဲ့တာလို့ ဒေါ်ညိမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ကိုရွှေပေါကဆိုပါတယ်။

လက်ရှိတော့ ကျုးလွန်သူ ရေလုပ်သားကို ဖမ်းမိထားပြီး တရားစွဲဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ဒေါ်ညိမ်းနယ်မြေရဲစခန်းကနေ သိရပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းကြောင့် လူသတ်မှု (၅)မှု၊ ဓါးခုတ်မူ (၃) မှု၊ ပင်လယ်ပြင်အတွင်း ကျန်းမာရေးမကောင်းလို့ သေဆုံးမှု (၃၃) မှု ၊ ကြိုးဆွဲချ သေဆုံးမှု (၂) မှု၊ ရေထဲခုန်ချပြီး ပျောက်ဆုံးမှု (၇၀) မှု ရှိခဲ့တယ်လို့ ဒေါ်ညိမ်းကျေးရွာအုပ်ချုပ်ရေးမှူးကနေ သိရပါတယ်။

Share

Loading Next Article...
က္က