Dota2 ပရော်ဖက်ရှင်နယ်လောကထဲမှာတော့ မြောက်အမေရိကဘီလူးကြီးအဖြစ် သမုတ်ခြင်းကိုခံရတဲ့ Evil Geniuses ကတော့ CS:GO ဘက်ကိုပါ နယ်ပယ်ချဲ့ထွင်လို့လာခဲ့ပါပြီ။
Evil Geniuses ဟာ အမေရိကန်နိုင်ငံအခြေစိုက် Esports Organization ကြီးဖြစ်ပြီး သူ့လက်အောက်မှာ Dota2, Call Of Duty, Rainbow Six Siege, Rocket League နဲ့ Super Smash Bros. အသင်း/ကစားသမားတွေ ရှိနေပါတယ်။ CS 1.6 တုန်းကတော့ Evil Geniuses Counter Strike အသင်းရှိခဲ့ပေမယ့် Global Offensive ထွက်ရှိလာတဲ့အချိန်မှာတော့ အသင်းကို ထပ်မံဖွဲ့စည်းခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် ၇ နှစ်ကျော်ကြာပြီးသွားခဲ့ချိန်မှာတော့ Evil Geniuses ဟာ အသင်းသစ်နဲ့အတူ Counter Strike ဘက်ကို လုံးလုံးလျားလျား ဝင်ရောက်လာပြီပဲ ဖြစ်ပါတယ်။
Evil Geniuses က CS:GO အသင်းဖွဲ့စည်းလိုက်တယ်ဆိုပေမယ့် ကစားသမားတစ်ဦးချင်းစီကို ကိုယ်တိုင်ရွေးချယ် ခေါ်ယူတာမဟုတ်ဘဲ အရင်ရှိပြီးသား အသင်းထဲက ကစားသမားအားလုံးကို တစ်ပြိုင်နက်ခေါ်ယူလိုက်ခြင်းပဲဖြစ်ပါတယ်။ သူတို့ခေါ်ယူလိုက်တဲ့ ကစားသမားတွေကတော့ ပြီးခဲ့တဲ့ Major မှာ လက်စွမ်းပြကစားခဲ့တဲ့ NRG Esports က ကစားသမား ၅ ဦးနဲ့ နည်းပြဖြစ်သူတို့ကိုပါပဲ။
ဒီဘက်နှစ်ထဲမှာ NRG Esports CS:GO အသင်းအနေနဲ့ ရလဒ်ကောင်းတွေကိုပိုင်ဆိုင်ခဲ့ပြီး HLTV.org ရဲ့ Ranking မှာလည်း အဆင့် ၄ အထိချိတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ StarLadder Berlin Major မှာလည်း အံ့သြစရာလက်စွမ်းတွေနဲ့အတူ ကမ္ဘာ့အင်အားအကြီးအဆုံးအသင်းအချို့ကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဆီမီးဖိုင်နယ်ရောက်မှ ရှုံးနိမ့်သွားတာကြောင့် ချန်ပီယံဆုနဲ့လွဲချော်သွားခဲ့ပါတယ်။
Evil Geniuses CS:GO (ယခင် NRG Esports) ရဲ့လူစာရင်းကတော့ -
1. Brehze
2. CeRq
3. Ethan
4. tarik
5. stanislaw
6. ImAPet (Coach) တို့ပဲဖြစ်ပါတယ်။
Evil Geniuses CS:GO ဟာ လက်ရှိအချိန်မှာ ESL One: New York 2019 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အဖွင့်ပွဲစဉ်မှာ FaZe Clan ကို 2:0 နဲ့အနိုင်ရရှိထားပါတယ်။ ဘာပဲပြောပြော Evil Geniuses ကတော့ ထိပ်တန်း CS:GO အသင်းတစ်သင်းကို မွေးဖွားမပေးနိုင်ခဲ့ပေမယ့် မွေးစားပေးနိုင်ခဲ့တယ်လို့ ဆိုရမှာပါပဲ။
Written by Myo Thant Kyaw