Google ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet ဟာ ဈေးကွက်တန်ဖိုးအရ ဒေါ်လာ ထရီလီယံတန်ကုမ္ပဏီအဖြစ်ကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပါတယ်။
Alphabet ရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဥက္ကဌ ဆာဂီဘရင်းဟာ ၂၀၁၉ ဒီဇင်ဘာလထဲမှာ ကုမ္ပဏီရဲ့ CEO ရာထူးကနေ ဆင်းပေးခဲ့ပြီး Google မှာ CEO အဖြစ် တာဝန်ယူထားတဲ့ ဆွန်ဒါပီချိုင်းကို ရာထူးလွှဲပြောင်းပေးခဲ့ပါတယ်။ ပီချိုင်းဟာ Google ရဲ့ CEO အဖြစ် ကုမ္ပဏီရဲ့ ပင်မစီးပွားရေးလုပ်ငန်းတွေ ဖြစ်တဲ့ အချက်အလက် ရှာဖွေရေး ၊ ကြော်ငြာပိုင်း ၊ YouTube နဲ့ Android တို့အားလုံးကို ကိုင်တွယ်နေတာပါ။
Photo: zeebiz
လယ်ရီပေ့ချ်နဲ့ ဆာဂီဘရင်းတို့ဟာ ကုမ္ပဏီရဲ့ voting sharing အများစုကို ထိန်းချုပ်ထားဆဲ ဖြစ်ပြီး အရေးပါတဲ့ အဆုံးအဖြတ်တွေမှာ ဩဇာလွှမ်းမိုးနေဦးမှာ ဖြစ်ပါတယ်။ Alphabet အနေနဲ့ ဒေါ်လာ ထရီလီယံ (ဒေါ်လာ ဘီလျံ ၁၀၀၀) တန် လုပ်ငန်းဖြစ်လာတဲ့ အချက်ထဲမှာ ကုမ္ပဏီရဲ့ Cloud စီးပွားရေးပိုင်း ဖွံ့ဖြိုးလာမှုကလည်း အဓိက ကျနေတယ်လို့ CNBC သတင်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ဖေဖော်ဝါရီကနေ ၂၀၁၉ ဇူလိုင် အတွင်းမှာ Alphabet ရဲ့ Cloud စီးပွားရေးဟာ သုံးလပတ်ဘဏ္ဍာရေးကာလတစ်ခုကို ဒေါ်လာ ၁ ဘီလျံကနေ ၂ ဘီလျံအထိ ဝင်ငွေဆတိုးနဲ့ တက်လာခဲ့ပါတယ်။ ဒီနှစ်ထဲမှာလည်း ကုမ္ပဏီအနေနဲ့ ရောင်းအား နဲ့ Google Cloud Health ကဏ္ဍပိုင်းမှာ ဆက်လက်တိုးတက်လာဖို့ မျှော်လင့်ထားပါတယ်။
Photo: The National
Cloud စီးပွားရေးအနေနဲ့ Google ဟာ Amazon နဲ့ Microsoft တို့ရဲ့ နောက်မှာ ရှိနေပါတယ်။ Apple ၊ Microsoft နဲ့ Amazon တို့ဟာ ဒေါ်လာထရီလီယံတန် အမေရိကန်လုပ်ငန်းစုကြီးတွေအဖြစ် မှတ်တမ်းဝင်ထားပြီး Alphabet ကတော့ စတုတ္ထမြောက်ဒေါ်လာ ထရီလီယံတန် အမေရိကန်နည်းပညာကုမ္ပဏီကြီး ဖြစ်ပါတယ်။
Alphabet ပြီးရင်တော့ လက်ရှိမှာ အကြမ်းဖျဉ်း ဒေါ်လာ ၆၂၀ ဘီလျံတန်တဲ့ Faceboook ဟာ နောက်ထပ် ဒေါ်လာ ထရီလီယံတန် နည်းပညာကုမ္ပဏီတစ်ခု ဖြစ်လာဖို့ ရှိပါတယ်။