၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမောင်အဖြစ် လူသိများလာခဲ့တဲ့ ထွန်းဝီရ ကတော့ အခုဆိုရင် " ဆိုးပေ" ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အရှေ့ကို ရောက်လာဦးမယ်လို့ ဆိုပါတယ်။
Photo: Linn Eain Kha
ထွန်းဝီရကတော့ သရုပ်ဆောင် ထွန်းထွန်း၊ ပိုင်ဖြိုးသု နဲ့ သဇင်ထူးမြင့်တို့ ပါဝင်သရုပ်ဆောင်မယ့် “ ဆိုးပေ” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်ရမယ့် ကာရိုက်တာအတွက် သူ့ရဲ့ ရင်ခုန်သံကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။
“ ဒီဇာတ်ကားထဲမှာ ကျွန်တော်ပါဝင်သရုပ်ဆောင်ရမယ့် ဇာတ်ဝင်ခန်းတိုင်းက ကျွန်တော့်အတွက် စိန်ခေါ်မှု တစ်ခုပါပဲ။ ဒီအရွယ်မှာ ပထမဆုံးအနေနဲ့ နေရာတစ်ခုအတွက် ပါဝင်ခွင့်ရတာကိုက အရမ်း အခွင့်အရေးဖြစ်တယ်။ ဒီအခွင့်အရေးကို ဘယ်လိုမျိုး အသုံးချမလဲဆိုတာ ကျွန်တော့်အပေါ် မူတည်တဲ့အတွက် ကြိုးစားရင် ကြိုးစားသလောက်ဖြစ်လာမယ်ဆိုတဲ့ ယုံကြည်ချက် ထားပါတယ်” လို့ သူကဆိုပါတယ်။
“ဆိုးပေ” ရုပ်သံဇာတ်လမ်းတွဲဟာ သူ့ရဲ့ သရုပ်ဆောင်ပညာအရည်အချင်းကို ပထမဆုံး ပြုလုပ်ခွင့်ရတဲ့ ဇာတ်ကားဖြစ်တယ်လို့ ထွန်းဝီရက ဆိုပါတယ်။
“ ကျွန်တော့်အနေနဲ့ အနုပညာလောကထဲကို “ဆိုးပေ” ဇာတ်လမ်းတွဲနဲ့ ပထမဆုံးခြေလှမ်း စဝင်လာပါပြီ။ ပရိသတ်အားပေးမှုနဲ့ ထိုက်တန်အောင် ကျွန်တော် ကြိုးစားသွားမှာပါ။ တကယ်ကို စိတ်ရင်းနဲ့ အပြည့်အဝ ခံစားပြီး ကြိုးစားသွားမယ့် ဇာတ်ကားလေးပါ။ ပရိသတ်တွေလည်း အားပေးစေချင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
“ ဆိုးပေ” ရုပ်သံဇာတ်လမ်းတွဲထဲမှာ အကယ်ဒမီထွန်းထွန်း၊ ထွန်းဝီရ၊ နောင်ထူး၊ အကယ်ဒမီပိုင်ဖြိုးသု၊ သဇင်ထူးမြင့်၊ ဇော်ဝင်းနိုင်၊ ခင်လှိုင်၊ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံ၊ နန်းခင်မွှေး၊ Gဆိုင်းဂျာ နဲ့ အံ့မင်းညို တို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ကလေးသရုပ်ဆောင်များ အနေနဲ့ မင်းရွှေရောင်တင်၊ လပြည့်ထွန်း၊ သုတအောင်၊ စွမ်းစွမ်း၊ သူရမြင့်မြတ်ကျော်၊ ရှိုင်းဝဏအောင်၊ သုမန်အောင် နဲ့ အိန်ဂျယ်ဝတ်မှုံတို့က ပါဝင်သရုပ်ဆောင် ကြမှာဖြစ်ပါတယ်။
Photo: Linn Eain Kha
ထွန်းဝီရကိုတော့ ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကားများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ သူဟာ သရုပ်ဆောင်အလုပ်သာမက ဇာတ်သဘင် အလုပ်တွေမှာပါ မြန်မာအဆို၊ အက တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ကပြဖျော်ဖြေတတ်သူ တစ်ယောက်ပါ။ ပညာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့တာ ဖြစ်ပြီး ရွှေကြိုပြိုင်ပွဲ ပထမအကြိမ်လူတွေ့ စစ်ဆေးတဲ့နေ့မှာပဲ သူ့ရဲ့ ဓာတ်ပုံတွေကနေတဆင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ပြန်လည် ရရှိခဲ့တာဖြစ်ပါတယ်။