ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း Uber ဟာ ၂၀၂၀ ပထမသုံးလပတ်အတွက် ဒေါ်လာ ၃ ဘီလျံနီးပါး အရှုံးပြခဲ့ပါတယ်။
၂၀၂၀ ပထမသုံးလပတ်အတွင်း ဒေါ်လာ ၂.၉ ဘီလျံ အရှုံးပေါ်ခြင်းဟာ သုံးလပတ်တစ်ခုအတွင်း အကြီးဆုံး အရှုံးပြတာလည်း ဖြစ်တယ်လို့ The Verge က ဆိုပါတယ်။ ယခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း ကုမ္ပဏီဟာ ဝင်ငွေ ဒေါ်လာ ၃.၅၄ ဘီလျံ ရခဲ့ပြီး ကားအငှားစီးပွားရေးမှာ ဘွတ်ကင်တင်မှု အစုစုဟာ ၃% ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
Uber CEO ဒါရာခေါ့စရော ရှာဟီ (Photo: Business Insider)
ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အိမ်အရောက် အစားအသောက်ပို့ဆောင်ရေးလုပ်ငန်း လိုအပ်ချက် မြင့်မားလာတာကြောင့် Uber Eats စားသောက်ကုန်ပို့ လုပ်ငန်းမှာ ဘွတ်ကင်တင်မှုဟာ နှစ်အလိုက် ၅၄% ကျော်အထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ Uber ပလက်ဖောင်းပေါ်မှာ ရောင်းချတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတန်ဖိုးဟာ ပြီးခဲ့တဲ့ ၂၀၁၉ ပထမ သုံးလပတ်ထက် ၈% မြင့်တက်လာပြီး ဒေါ်လာ ၁၅.၈ ဘီလျံဖိုးအထိ ရှိလာခဲ့တာပါ။
Uber Eats စီးပွားရေးမှာ အစားအသောက်အော်ဒါမှာယူမှု မြင့်လာတာကြောင့် Uber ဝင်ငွေဟာ ပြီးခဲ့တဲ့နှစ် ကာလတူဝင်ငွေ ဒေါ်လာ ၃.၁ ဘီလျံထက် ၁၄ % မြင့်တက်ခဲ့ပြီး ဒေါ်လာ ၃.၅၄ ဘီလျံ ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ Uber ရဲ့ ကားအငှားစီးပွားရေးဟာ ဧပြီလထဲမှာ ၈၀% ခန့် ကျဆင်းသွားခဲ့တယ်လို Uber ရဲ့ CEO ဒါရာခေါ့စရောရှာဟီက ပြောပါတယ်။အသားတင် အရှုံးပြခဲ့တဲ့ ဒေါ်လာ ၂.၉ ဘီလျံထဲမှာ Uber ရှယ်ယာဝန်ထားတဲ့ ကုမ္ပဏီတွေဆီက အခွန်စည်းကြပ်မှု ပျက်ကွက်ခ ဒေါ်လာ ၂.၁ ဘီလျံလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
Uber ဟာ ဒီတစ်ပတ်ထဲမှာ အချိန်ပြည့်ဝန်ထမ်း ၃၇၀၀ လျှော့ချမယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ ဒါဟာ ကုမ္ပဏီဝန်ထမ်းအင်အားရဲ့ ၁၄% ခန့် ရှိတယ်လို့ ဆိုပါတယ်။ Uber Jump မှ စက်ဘီးနဲ့ စကူတာဝန်ထမ်း ၄၀၀ လည်း Lime နဲ့ ရင်းနှီးမြှပ်နှံမှု အစိတ်အပိုင်းတစ်ရပ်အနေနဲ့ အလုပ်လျှော့ခံရတော့မှာ ဖြစ်ပါတယ်။