ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ ကျင်းပပြုလုပ်တဲ့ မင်္ဂလာဆောင်အခမ်းအနားတစ်ခုကို သတို့သားဖြစ်သူရဲ့ ပထမဇနီးသည် ရောက်ရှိလာခဲ့ပြီး ဖြစ်ကြောင်းကုန်စင် ဖွင့်ချခဲ့ရာမှ ဒေါသထွက်နေတဲ့ လူအုပ်စုက သတို့သားကို မင်္ဂလာဆောင်ကနေ မောင်းထုတ်ခဲ့ကြပါတယ်။
(Photo: BBC)
သူက ကျွန်မရဲ့ ယောကျ်ားပဲ၊ သူက ဒီကလေးရဲ့ အဖေပဲ၊ ဟိုက်ဒရာဘတ်ကို သွားအုံးမယ်၊ သုံးရက်ကြာမယ်လို့ သူ ကျွန်မကို ပြောသွားခဲ့တာ
ပထမဇနီးသည်ရဲ့ ပြောကြားမှုအရ အဆိုပါ သတို့သားဟာ အမျိုးသမီးတစ်ဦးသာမက အခြားနှစ်ဦးကိုလည်း လက်ထပ်ခဲ့တာလို့ ဆိုပါတယ်။ အဆစ်ဖ်ရာဖစ်ဆစ်ဒီကီ အမည်ရှိ အသက် ၃၀ ကျော်အရွယ် သတို့သားကို မင်္ဂလာဆောင်ရှိ လူအုပ်စုက ဝိုင်းဝန်းတွန်းထုတ် ရိုက်ပုတ်ခဲ့ကြပါတယ်။ မင်္ဂလာဆောင်ကိုရောက်လာတဲ့ ပထမဇနီးသည်က ဖွင့်ချခဲ့ပြီးနောက် ထိုအမျိုးသားကို လူအုပ်စုက ဝိုင်းဝန်းရိုက်ပုတ်ခဲ့ကြရာ ၎င်းရဲ့ ရှပ်အင်္ကျီနဲ့ ဘောင်းဘီများ စုတ်ပြဲသွားခဲ့ပါတယ်။
ထို့နောက်မှာတော့ သတို့သားဟာ မင်္ဂလာဆောင်ကနေထွက်ပြေးပြီး ဘတ်စ်ကားတစ်စီးအောက်မှာ ဝင်ခိုနေခဲ့ရပြီး ၎င်းကို အမည်မသိ လူတွေက ကယ်တင်သွားခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။ ပါကစ္စတန်မှာ ဇနီးသည် တစ်ဦးထက်ပိုပြီး လက်ထပ်ယူခြင်းဟာ တရားဝင်ဖြစ်ပါတယ်။ သို့သော် အမျိုးသားတစ်ဦးဟာ ဇနီးသည် လေးဦးအထိသာ အများဆုံး လက်ထပ်ယူနိုင်ပြီး နောက်တစ်ကြိမ် လက်မထပ်မီ ယခင် ဇနီးသည်များထံမှ သဘောတူခွင့်ပြုချက် ရယူရမှာဖြစ်ပါတယ်။
(Photo: BBC)
ဗုဒ္ဓဟူးနေ့ (ဖေဖေါ်ဝါရီ ၁၂ ရက်) က မီဒီယာတွေမှာ သတင်းစတင်ဖော်ပြလာခဲ့တဲ့ ယခုဖြစ်ရပ်မှာ သတို့သား ရာဖစ်က မဖြစ်မနေလုပ်ဆောင်ရမယ့် အလွန်အရေးပါတဲ့ ထိုအဆင့်ကို လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ဘူးလို့ ယူဆရပြီး ၎င်းရဲ့ ဇနီးအသစ်နဲ့ မိသားစုက အကြောင်းစုံသိရှိသွားရာမှ ဒေါသတကြီး ဖြစ်ခဲ့ကြပါတယ်။ ကရာချိမြို့မှာ ကျင်းပပြုလုပ်နေတဲ့ ရာဖစ်နဲ့ ဇနီးအသစ်တို့ရဲ့ မင်္ဂလာဆောင်ခန်းမထဲကို ဒေါသထွက်နေတဲ့ အမျိုးသမီးတစ်ဦးက ကလေးတစ်ဦးလက်ကိုဆွဲပြီး ရောက်လာခဲ့ပါတယ်။
ထိုအမျိုးသမီးကို သတို့သမီးရဲ့ ဆွေမျိုးတစ်ဦးက 'ဘာဖြစ်လို့လဲ အမ' လို့ မေးခဲ့တာကို ဗီဒီယိုမှတ်တမ်းမှာ ကြားခဲ့ရပါတယ်။ ထို့နောက် အမျိုးသမီးက ရာဖစ်ကို လက်ညိုးထိုးကာ "သူက ကျွန်မရဲ့ ယောကျ်ားပဲ၊ သူက ဒီကလေးရဲ့ အဖေပဲ၊ ဟိုက်ဒရာဘတ်ကို သွားအုံးမယ်၊ သုံးရက်ကြာမယ်လို့ သူ ကျွန်မကို ပြောသွားခဲ့တာ" လို့ ပြောဆိုခဲ့ပါတယ်။
(Photo: Capital TV)
သူက ငါ့ယောကျ်ားဆိုတာ မသိခဲ့ဘူးလား? သူက ဒီ အပြစ်မဲ့တဲ့ ကလေးအတွက် ဘယ်တုန်းကမှ မစဥ်းစားခဲ့ဘူး
ထိုအမျိုးသမီးကို သတို့သမီးရဲ့ ဆွေမျိုးတွေက မင်္ဂလာခန်းမရှိ အခြားအခန်းတစ်ခန်းသို ခေါ်ဆောင်သွားပြီး အသေးစိတ် ပြောစေခဲ့ပါတယ်။ ရာဖစ်ရဲ့ ပထမဇနီးသည်က သူမရဲ့ ယောက္ခမနဲ့ သူမရဲ့ ယောင်းမတို့က မည်သူတွေဖြစ်ကြောင်းကိုလည်း မင်္ဂလာပွဲမှာ ညွှန်ပြပြောဆိုခဲ့ပါသေးတယ်။ ယောင်းမဖြစ်သူက သူမရဲ့အမေ နေမကောင်းဖြစ်နေတာ သုံးရက်ကြာပြီး ဆေးသွင်းနေရတယ်လို့ ပြောခဲ့ကြောင်းလည်း ရာဖစ်နဲ့ ပထမဇနီးက ဖွင့်ချခဲ့ပါတယ်။ ထို့နောက် သတို့သမီး အသစ်စက်စက်ထံသို့ မျက်နှာချင်းဆိုင်သွားကာ "သူက ငါ့ယောကျ်ားဆိုတာ မသိခဲ့ဘူးလား? သူက ဒီ အပြစ်မဲ့တဲ့ ကလေးအတွက် ဘယ်တုန်းကမှ မစဥ်းစားခဲ့ဘူး" လို့ ပြောဆိုခဲ့ပါတယ်။
(Map: BBC)
ဒါ့အပြင် သူမတို့နှစ်ဦးဟာ ရာဖစ် အလုပ်လုပ်တဲ့ ကရာချိမြို့ရှိ Federal Urdu တက္ကသိုလ်မှာ တွေ့ဆုံခဲ့ကြပြီး ၂၀၁၆ ခုနှစ်မှာ လက်ထပ်ခဲ့ကြကြောင်း၊ နောက်ပိုင်းမှာ ရာဖစ်က ကရာချိမြို့ရှိ Jinnah အမျိုးသမီးတက္ကသိုလ်မှ ဆရာမတစ်ဦးဖြစ်သူ ဇာရာအက်ရှ်ရက်ဖ် အမည်ရှိ ဒုတိယဇနီးကို တိတ်တိတ်ပုန်း လက်ထပ်ယူထားကြောင်း သိခဲ့ရတယ်လို့လည်း မင်္ဂလာဆောင်ကိုလိုက်လာသူ ရာဖစ်ရဲ့ ပထမဇနီးက ဖွင့်ချခဲ့ပါတယ်။ ဇာတ်ရှုပ်ခဲ့တဲ့ သတို့သားရာဖစ်ရဲ့ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး မည်သို့ဆက်ဖြစ်သည်ကို အတိအကျ မသိရကြောင်းနဲ့ မင်္ဂလာဆောင်ခန်းမသို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခေါ်ယူခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။
.