ပိုင်ဖြိုးသုက ပရိသတ်တွေရဲ့ ဆန္ဒအတိုင်း ဆံပင်ရှည်လေး ထားနေပြီလို့ ဆိုပါတယ်။ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့လည်း ရုပ်ရှင်ကားကြီးရိုက်ကူးမယ့်အကြောင်းပြောလာပါတယ်။
Photo: RBV
ပရိသတ်အချစ်တော်မလေး ပိုင်ဖြိုးသုက ပရိသတ်တွေနဲ့ တိုက်ရိုက်စကားပြောရင်း ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူမက စက်တင်ဘာလမှာ ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးအတွက် ဆံပင်အရှည်ထားနေတယ်လို့ သိရပါတယ်။
‘’ သုသု အခုတော့ ဆံပင်အရှည်ထားနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၉ လပိုင်းမှာရိုက်မယ့် ဇာတ်ကားက ဆံပင်အရှည်ထားရမယ့် ဇာတ်ပေါ့နော်။ အဲဒီတော့ နည်းနည်းရှည်ဖို့လိုတယ်။ ဒါပေမယ့် နောက်ကျရင်တော့ ပြန်ညှပ်ရမယ် တစ်ခါတည်းကြိုပြီး ခွင့်တောင်းထားတာ။ ၁၀လပိုင်းလောက်မှာ ကိုဏကြီးနဲ့ရိုက်မယ့် ဇာတ်ကားမှာ ကိုဏကြီးက သုသုအရင်တုန်းက ထားတဲ့ ဆံပင်ဂုတ်ဝဲလို အတိုလေး ထားခိုင်းတယ်။ အဲဒါကြောင့် သုသု ဆံပင်ပြန်ညှပ်ရပါမယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၁ ရက်နေ့ ညနေ ၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။
Photo: Paing Phyo Thu
သူမဟာ ပထမဆုံးအကြိမ် facebook မှာ Live လွှင့်တာ ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိတဲ့ အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။
‘’ သုသုက Live ကို Facebook Page မှာဖြစ်ဖြစ်၊ အကောင့်မှာဖြစ်ဖြစ် မလွှင့်ဖူးသေးဘူး။ ဒါက ပထမဆုံး Live လွှင့်တာပေါ့နော်။ ဘာလို့လဲ ဆိုတော့ သုသုက တိုက်ရိုက်စကားပြောတာတို့ ဘာတို့ဆို ကြောက်တယ်။ နောက်ကျရင်တော့ ဒါလေးကို အမြဲလုပ်ဖြစ်အောင် ကြိုးစားပါမယ်။ ၇ ရက်နေ့ကျရင်လည်း အခုလိုပဲ Live လွှင့်ပါဦးမယ်’’ လို့ ဆိုပါတယ်။
Photo: RVB
ပိုင်ဖြိုးသုရဲ့ လက်ရှိ အနုပညာလှုပ်ရှားမှုကတော့ ရိုက်ကူးရေးတွေ နားထားတယ်လို့ ပြောပါတယ်။ သူမဟာ အခုလို အားတဲ့အချိန်တွေမှာတော့ အနုပညာအလုပ်အတွက် စာအုပ်ဖတ်ရင်း၊ ရုပ်ရှင်ကြည့်ရင်း လေ့လာသင်ယူဖြစ်တယ်လို့ ပြောပါတယ်။
‘’ သုသုက အမှန် ၇ လပိုင်း ၂၀ ရက်နေ့မှာ စပြီးတော့ ရုပ်ရှင်တစ်ကားရိုက်ဖို့ရှိတယ်။ ဒါပေမယ့် ဒီဇာတ်ကားလေးက အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားတယ်။ ပျက်သွားတဲ့ အခါကျတော့ နားနေတဲ့ ကာလပေါ့နော်။ အဲဒီဇာတ်ကားလေးက ၈ လပိုင်း လကုန်တဲ့အထိ Date ပေးထားတာ ဆိုတော့ အားနေတယ်။ အားနေတဲ့အချိန်မှာက သုသုအတွက် ပညာရှာတဲ့အချိန်ပေါ့နော်။ ကိုယ့်ကိုယ်ကိုယ် ဝမ်းဆာဖြည့်တဲ့အချိန်လို့ သတ်မှတ်ပြီးတော့ ရုပ်ရှင်တွေ ကြည့်ဖြစ်တယ်’’ လို့ သူကဆိုပါတယ်။
Photo: RVB
ပိုင်ဖြိုးသုဟာ အနုပညာပျိုးခင်း(၂)ရဲ့ စင်တင်မင်းသမီးချောလေး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာလက်ရှိအောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ ‘’သရဲမ၊ ဘီလူးမ နဲ့ မိန်းမပျို’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ထားသူပါ။
အခုဆိုရင်လည်း ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့ အတူ အနုပညာအလုပ်တွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူမဟာ မီရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း Star Awards က ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားပါသေးတယ်။