အခုဆိုရင် ကိုယ်ဝန် ၆ လ ရှိနေပါပြီ။

စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူနဲ့ ရုပ်ချင်းဆင်ပြီး သူမလို ချစ်စရာကောင်းတဲ့သမီးလေး လိုချင်ပါတယ်တဲ့။ သမီးလေးအတွက် ရင်ထဲမှာရှိတဲ့ မျှော်လင့်ချက်လေးကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

စန္ဒီမြင့်လွင်က မကြာခင်မွေးလာမယ့် သမီးလေးကို ခင်ပွန်းဖြစ်သူနဲ့ တူစေချင်တယ်လို့ ဆိုပါတယ်။ သူမရဲ့ ကိုယ်ဝန်ကတော့ အခုဆိုရင် ၆ လရှိနေပြီလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့်ပြောပြလာပါတယ်။

‘’ဗိုက်က အခုဆို ၆ လထဲရောက်နေပါပြီ။ သမီးလေးကို သူနဲ့အရပ်အမောင်းလေးတူ၊ သူ့လိုမျိုး မျက်ခုံး မျက်လုံးတူပြီး ကိုယ့်လို ချစ်စရာကောင်းစေချင်တယ်။ ကိုယ်ဝန်ရှိတဲ့အချိန်က အကုန်လုံးကို ညာစားလို့ရတဲ့အချိန်ပဲ။ ဒီအချိန်မှာ ယောကျ်ားရော၊ မိဘတွေရော အရမ်းဂရုစိုက်ကြတယ်။ ဘုရင်မကြီးလို မနေဘူး၊ အရမ်းလည်းဗိုလ်မကျဘူး။ ပြီးရင် အကုန်လုံးက ကလေးဆီရောက်သွားမှာလေ”လို့ သူကဆိုပါတယ်။

Photo: Sandy Myint Lwin

အဲဒီနောက် ကိုယ်ဝန်ရင့်လာတာနဲ့အမျှ သမီးလေးအပေါ်ထားတဲ့ သူမရဲ့ မျှော်လင့်ချက်ကိုလည်း Star Awards ဆုပေးပွဲကိုတက်ရင်း ပြောပြခဲ့ပါသေးတယ်။

‘’ ကိုယ်မွေးလာတဲ့ သားသမီးဆိုတော့ အဓိကက ကျန်းမာရေးကောင်းဖို့၊ ပြည့်ပြည့်စုံစုံရှိဖို့ မျှော်လင့်ပါတယ်။ ချစ်စရာကောင်းတော့လည်း သူ့ကံပေါ့လေ။ အရမ်းချောသွားရင်လည်း သူ့ကုသိုလ်ကံလေးပေါ့’’ ဆိုပြီးတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြေဆိုပေးခဲ့ပါတယ်။

Photo: A Linn Yaung

စန္ဒီမြင့်လွင်က မကြာခင်ရက်ပိုင်းမှာ သားဦးလေးမွေးဖွားတော့မယ့် သူငယ်ချင်းဖြစ်သူ နန်းမြတ်ဖြိုးသင်း ကိုလည်း ခမည်းခမက်တော်ချင်တဲ့အကြောင်း စနောက်ခဲ့ပါသေးတယ်တဲ့။

‘’နန်းမြတ်က သားလေးဆိုတော့ သားမက်တော်မယ်ဆိုပြီးတော့ နောက်နေတာ။ လကလည်း သိပ်မကွာဘူးလေ။ အခု သူတို့က မွေးတော့မှာဆိုတော့ ၃ လ ၄ လလောက်ကွာတာပေါ့။ ကိုယ်က သမီးရှင်ဆိုတော့ သူတို့ကို အမျိုးတော်မယ်ပေါ့။ ခမည်းခမက်တော်မယ်ပေါ့။ အဲဒီလိုလေးပြောထားတာပါ။ မတင်ဇာမိုးဝင်းဆိုရင်လည်း သူကသားလေးလေ တစ်ပတ်ပဲကွာတယ်’’


စန္ဒီမြင့်လွင်က သမီးလေးကို ပန်းလှိုင်ဆေးရုံနဲ့ Grand Hanthar ဆေးရုံ နှစ်ခုထဲက တစ်ခုမှာ မွေးမယ်လို့ဆိုပါတယ်။ သူမရဲ့ ရင်သွေးလေးကို သမီးလေး လို့ သိလိုက်ရတဲ့အချိန်မှာလည်း မျက်ရည်ကျရတဲ့အထိ အရမ်းပျော်ပြီး ငိုခဲ့ရတာကလည်း စန္ဒီမြင့်လွင်ဖြစ်ပါတယ်။ ဒီသမီးလေးကိုတော့ သူ အရမ်းလိုချင်ခဲ့တာပါလို့လည်း မီဒီယာ အင်တာဗျူးတွေမှာဖြေဆိုခဲ့ဖူးပါတယ်။

 စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး စန္ဒီမြင့်လွင်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆေးရောင်လှလှခြယ်ရအောင် ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း Queen ၊ ကလီယိုပါထရာ ၊ Papi ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က