ပြင်ဦးလွင် ပန်းပွဲတော်ကာလအတွင်းမှာ ဥယျာဉ်အတွင်း အမှိုက်တွေကိုအလျင်းသင့်သလိုဆောင်ရွက်ပေးနေပေမယ့် လာရောက်လည်ပတ်တဲ့ သူတွေက အမှိုက်တွေကို အမှိုက်ပုံးထဲမထည့်တာနဲ့၊ ထိုင်စားပြီးစားတဲ့နေရာတွေမှာ ချထားခဲ့တာတွေကြောင့် အခုလိုဖြစ်တာလို့ ပန်းဥယျာဉ် အုပ်ချုပ်ရေးမှူး ကိုဇော်မင်းထွန်းက ပြောပါတယ်။
ပြင်ဦးလွင် ပန်းပွဲတော်မှာ အမှိုက်တွေ စည်းကမ်းမဲ့ စွန့်ပစ်ထားတဲ့ ဓာတ်ပုံတွေလူမှုကွန်ယက်မှာ ပျံ့နှံ့လျှက်ရှိပြီးတော့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ပန်းဥယျာဉ်တာဝန်ရှိသူတွေအနေနဲ့ကတော့ ပန်းပွဲတော်ကို လာရောက်လည်ပတ်ကြတဲ့ ပြည်သူလူထုအနေနဲ့ ပွဲတော်သာယာလှပအောင် စနစ်တကျအမှိုက်စွန့်ပစ်ရင်းပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုထားပါတယ်။
photo- Ko Zin Moe
“ ကျွန်တော်တို့ကတစ်ချိန်လုံးတော့သိမ်းနေတာပဲ။ မနက်ကစပြီး မိုးချုပ်တဲ့ထိသိမ်းတာပဲ။ အမှိုက်ပုံးတွေကိုလည်း မနှစ်ကထက်တောင်ပိုဝယ်ပြီး နေရာအများကြီးမှာချထားတာ။ အဓိက ပြဿနာက အမှိုက်ပုံးတွေထဲမထည့်တာရယ်၊ အလွယ်တကူကိုယ်စားခဲ့တဲ့နေရာတွေမှာချထားခဲ့တာတွေကြောင့်အခုလိုဖြစ်ကုန်တာ။ စည်းကမ်းမရှိဘူးလို့တော့မပြောလိုပါဘူး။ ဒါပေမယ့် ပူးပေါင်းပါဝင်စေချင်ပါတယ်။ အမှိုက်ပုံးတွေထဲမှာ အမှိုက်တွေပြည့်နေရင်တောင် အမှိုက်ပုံးဘေးနားလေးကိုချထားခဲ့ရင် အမှိုက်သိမ်းရတာလည်းလွယ်ပါတယ်။ ဒါကြောင့် လာရောက်လည်ပတ်သူတွေလည်း ကျွန်တော်တို့နဲ့ပူးပေါင်းပေးပါ” လို့ ပြင်ဦးလွင် ကန်တော်ကြီးပန်းဥယျာဉ် အုပ်ချုပ်ရေးမှူး ကိုဇော်မင်းထွန်းက Duwun ကိုပြောပါတယ်။
photo- Ko Zin Moe
ပုံမှန်အားဖြင့် ဥယျာဉ်အတွင်းအမှိုက်ရှင်းလင်းရေးကို တစ်နေ့ကို (၃)ကြိမ်ဆောင်ရွက်ပြီး အခုပွဲတော်ရက်မှာတော့ အဆင်ပြေတဲ့ချိန်တွေတိုင်းမှာ အမှိုက်တွေကို ရှင်းလင်းဆောင်ရွက်လျှက်ရှိတယ်လို့သိရပါတယ်။ ဥယျာဉ်ကို မနက်(၈)နာရီကနေ ညနေ(၆)နာရီထိဖွင့်လှစ်ထားပြီး ဥယျာဉ်ပိတ်ပြီး ည(၁၀)လောက်ထိ အမှိုက်ရှင်းလင်းရတာတွေရှိတယ်လို့ ကိုဇော်မင်းထွန်းကပြောပါတယ်။ ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးပန်းဥယျာဉ်ရဲ့ ပန်းပွဲတော်ကိုတော့ ဒီဇင်ဘာလ(၁၅)ရက်ကနေ ဇန်နဝါရီလ(၁၅)ရက်နေ့ထိကျင်းပသွားမှာဖြစ်ပြီး လက်ရှိအချိန်ထိလာရောက်လည်ပတ်သူတွေကတော့ များပြားလျှက်ရှိတယ်လို့သိရပါတယ်။