အနှစ် ၂၀ ကျော်ကြာ အိမ်ထောင်ရေးမှာ ပျော်ရွှင်မှုတွေအကြောင်း စမိုင်းလ်က ပြောပါတယ်။ ခင်ပွန်းဖြစ်သူက သူမရဲ့ အားနည်းချက်တိုင်းကို ချစ်ပေးတယ်လို့ စမိုင်းက ပြောပြထားပါသေးတယ်။
Photo: Smile Mg
သရုပ်ဆောင် စမိုင်းလ်နဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်တို့ဟာ အိမ်ထောင်သက် အနှစ် ၂၀ ကျော်ခဲ့တာတောင် ပရိသတ်တွေရဲ့ အားကျခြင်းကို ခံထားရတဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။ ဒီလို ခိုင်မာတဲ့ အိမ်ထောင်ရေး ဖြစ်လာဖို့အတွက်ကိုလည်း စမိုင်းလ်ကိုယ်တိုင်က ဂရုတစိုက်ရှိတယ်လို့ Duwun Media ကနေပြောပြလာပါတယ်။
‘’ အစ်မတို့ နှစ်ယောက်ကလေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်ပြီးတော့ ချစ်တယ်။ ကိုယ်က သူ့ကို ပိုဂရုစိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ လူတွေက အသက်ကြီးလာရင် ဂရုစိုက်မှုလေးတွေ လျော့လာကြတယ်။ အဓိကက ယောကျ်ားကိုလည်း ဂရုစိုက်သလို သမီးတွေကိုလည်း ၁၀၀ ရာခိုင်နှုန်းအပြည့် ဂရုစိုက်ပါတယ်’’ လို့ သူကဆိုပါတယ်။
Photo: Smile Mg
ခင်ပွန်းဖြစ်သူက စမိုင်းလ်ကို ချစ်တဲ့ အရာတွေရှိတယ်လို့ ဆိုပါတယ်။ သူမရဲ့ အားနည်းချက်တိုင်းကို ချစ်ခင်၊ ကြင်နာပေးတဲ့ ခင်ပွန်းဖြစ်တယ်လို့ စမိုင်းလ်က ပြောပြထားပါတယ်။
‘’အစ်မက အရမ်းကြီးချောတဲ့အထဲမှာ မပါဘူး။ အနာရွတ်တွေလည်းရှိတယ်။ ဒါပေမယ့် သူက ကိုယ့်ရဲ့ အနာရွတ်လေးတွေကိုပဲ တို့ပြီးတော့ ကြိုက်တယ်ဆိုရင် ကိုယ့်မှာ ထူးဆန်းရတာပေါ့နော်။ ပြီးတော့ အစ်မက သိပ်ပြီးတော့ လှတဲ့အမျိုးသမီး မဟုတ်ဘူး။ လှတဲ့သူ မဟုတ်ဘူးဆိုတော့ ကိုယ့်လို လူကိုပဲ သူကချစ်နေတယ် ဆိုပြီးပြောတော့လည်း ဝမ်းသာရတာပေါ့နော်’’ ဆိုပြီးတော့ ဟီးရိုး ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။
Photo: Smile Mg
စမိုင်းလ်ဟာ မိသားစုအပေါ် အရမ်းချစ်တဲ့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပါတယ်။ သူ့အပေါ် အရမ်းချစ်ပေးတဲ့ ခင်ပွန်းကိုလည်း Duwun Media ကနေ ကျေးဇူးတင်စကားပြောခဲ့ပါတယ်။
‘’အစ်ကိုက အခုချိန်ထိ ဂရုစိုက်နေတုန်းပဲ။ အဲဒါကြောင့်မို့လို့ အစ်မက ကံကောင်းမယ့်အထဲမှာ ပါတယ်။ အမြဲတမ်း ချစ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီလောက် နှစ်တွေ ကြာတဲ့အထိ ချစ်လည်း ချစ်ပေးတဲ့အတွက်ကြောင့် ချစ်လည်း ချစ်ပါတယ်’’ လို့ သူကဆိုပါတယ်။
Photo: Smile Mg
သရုပ်ဆောင်စမိုင်းလ် (Smile) ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။
Share