ဒီလို ပြင်းထန်တဲ့ပုဒ်မတပ်ပြီး ချက်ချင်းဖမ်း ချက်ခြင်းအရေးယူ ချက်ခြင်းထောင်ချတာဟာ အလုပ်သမားတွေနဲ့ အလုပ်သမား အရေးဆောင်ရွက်နေသူတွေကို ဖိနှိပ် ခြိမ်းခြောက်ရာရောက်သဖြင့် လက်မခံကြောင်း၊ကန့်ကွက်ကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောပါတယ်။
"ခုချိန်ထိ အလုပ်ရှင်တွေဖမ်းဆီးခံရတာမရှိဘူး။အလုပ်သမားတွေပဲ ဖမ်းဆီး ခံရတယ်။ခု ၁၈၈ ပုဒ်မနဲ့ က ရန်ကုန်မှာ အလုပ်သမားတွေ ကို စတင်ဖမ်းဆီးတာဖြစ်တယ်။ခုလိုလုပ်တာကို ကန့်ကွက်တယ်၊ရှုပ်ချတယ် လက်မခံပါဘူး။ကိုဗစ် ၁၉ နဲ့ပတ်သက်လို့ထုတ်ပြန်ထားတဲ့အမိန့်ညွှန်ကြားချက်နဲ့ဥပဒေတွေဟာ အလုပ်သမားရေးလုပ်ရှားဆောင်ရွက်ရသူတွေ၊ အလုပ်သ
မားအဖွဲ့တွေအပေါ် ဖိနှိပ်ဖို့ ဖြစ်လာတာ စိတ်မကောင်းဘူး"လို့ ဆိုပါတယ်။
ပုဒ်မ ၁၈၈ ( ၅) ဦးထက်ပိုပြီးလူစုလူဝေးပြုလုပ်မှု နဲ့ စတင်ဖမ်းဆီးမှု မေလ ၄ ရက်နေ့မှာဖြစ်ပွားခဲ့တာပါ။
ဒဂုံဆိပ်ကမ်းစက်မှုဇုံ ဘလူးဒိုင်းမွန်းအိတ်ချုပ်စက်ရုံရှေ့ သပိတ်စခန်းဖွင့် တောင်းဆိုခဲ့တဲ့ ဘလူးဒိုင်းမွန်းစက်ရုံက သပိတ်မှောက် အလုပ်သမားခေါင်းဆောင် ၂ ဦးနှင့် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ခေါင်းဆောင် ၄ဦးအပါ ၆ ဦးကို ဒဂုံဆိပ်ကမ်းတရားရုံးက ပုဒ်မ ၁၈၈ နဲ့ထောင် ၃လ ချမှတ်ခဲ့တာပါ။
"ဒီကာလမှာ အလုပ်သမားပြသနာတွေကို သေသေချာချာ မဖြေရှင်းပေးနိုင်ဘူး။ဒီပြသာနာတွေတောက်လျှောက်လည်းဖြစ်နေအုံးမယ်ဆိုတာသိနေတာကို ဝန်ကြီးဌာနက သိတယ် ဒီတော့ဆက်ဖြစ်လာမယ့် ဒီပြသနာကြီးကို ခေါင်းရှောင်ချင်တဲ့အနေနဲ့ အလုပ်သမား တွေကိဖိအားပေးတဲ့နည်းလမ်းကိုသုံးတယ်။ရှုံ့ချပါတယ်။အလုပ်သမားတွေကို ဖမ်းဆီး ထောင်ချရမှာမဟုတ်ဘူး။အလုပ်ရှင်တွေကသာ စည်းကမ်းချက်တွေကို မလိုက်နာတာဖြစ်တယ်။ဖောက်ဖျက်တယ်။အလုပ်သမားတွေဟာမတတ်သာလို့ ထွက်ပြီးဆန္ဒပြရတာဖြစ်တယ်။"လို့ အလုပ်သမားအရေး လိုက်ပါဆောင်ရွက်ပေးနေသူဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ဗဟိုအမှုဆောင်အဖွဲ့၊ဒု ဥက္ကဋ္ဌ ဝေယံဖြိုးမိုးကပြောပါတယ်။
အလုပ်ရှင် နဲ့အလုပ်သမားအကြားပြသာနာအများစုနဲ့ ဆန္ဒပြမှုတွေဟာ လုပ်ခလစာ အပြည့်ဝမရခြင်း၊အလုပ်သမားအခွင့်အရေးမရခြင်းတွေကြောင့်ဖြစ်ပါတယ်။
ဒါကြောင့် အလုပ်သမား အလုပ်ရှင် အစိုးရဟာ ဆွေးနွေးညှိနိူင်း ရမှာဖြစ်ပြီး ၊အစိုးရအနေနဲ့လည်း အလုပ်သမားတွေဆန္ဒပြတာနဲ့ အလုပ်သမားတွေ ကိုဖမ်းဆီး ထောင်ချတာမျိုး ထက် အလုပ်သမားတွေ ရဲ့တောင်းဆိုချက်တွေအပေါ် သေချာစုံစမ်းလေ့လာရမှာဖြစ်ပါတယ်။
(အလွတ်သတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။)