သရုပ်ဆောင် ဇေရဲထက်ရဲ့ အမာခံ ပရိသတ်မလေး စိုးစန္ဒာထွန်းရဲ့ မီးလောင်ခံထားရတဲ့ ဒဏ်ရာကို ခွဲစိတ်ဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ ဒီအတွက် ဇေရဲထက်ကိုယ်တိုင်က နောက်တစ်ကြိမ် သွားရောက်တွေ့ဆုံဦးမယ်လို့ ဆိုပါတယ်။
ဇေရဲထက်က ပန်းတနော်မှာ ရှိတဲ့ အမာခံပရိသတ်မလေး စိုးစန္ဒာထွန်းကို အားတဲ့အချိန်မှာ နောက်ထပ် တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။ သူဟာ လက်ရှိမှာ ဇာတ်ကားတွေရိုက်ကူးနေရတာကြောင့် မအားမလပ်ဖြစ်လို့နေပါတယ်။
‘‘ညီမလေး အကိုအားတာနဲ့လာတွေ့ပါဦးမယ်’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၁၁ နာရီ ၅၇ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ပန်းတနော်မြို့က သူ့ရဲ့ အမာခံပရိသတ်လေးရဲ့ ဆေးရုံပေါ်မှာ ခွဲစိတ်မှု မလုပ်ဖြစ်တော့တဲ့အကြောင်းပြောထားတဲ့ Makeup Shwesin ရဲ့ Facebook Live ကို Share ရင်း ပြောထားတာပါ။
သရုပ်ဆောင် ဇေရဲထက်ရဲ့ အမာခံပရိသတ်လေးဖြစ်တဲ့ ပန်းတနော်မြို့က စိုးလေး(ခ) စိုးစန္ဒာထွန်းဟာ မီးလောင်ဒဏ်ရာ ရရှိထားသူဖြစ်ပါတယ်။ ဒီဒဏ်ရာကို ခွဲစိတ်ဖို့ အခက်အခဲရှိနေတဲ့အကြောင်းကို Makeup Shwesin ရဲ့ Facebook Live ကနေ တဆင့် ဧရာဝတီတိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တိုင်း ဒု-ဥက္ကဌ ကိုဇော်ဇော်က ပြောပြခဲ့ပါတယ်။
‘’လက်ရှိမှာတော့ သူ့ကို ခွဲစိတ်ရမယ့် ဧရိယာက အရမ်းကျယ်တယ်။ ၆ နာရီလောက် အနိမ့်ဆုံး ခွဲစိတ်ရမယ်။ ဒီဘက်မှာလည်း ဆရာဝတ်တွေက အတက်ပညာပိုင်းဆိုင်ရာ အရမ်းကို ပြည့်စုံပါတယ်။ စိတ်ရောဂါနဲ့ ပတ်သက်ပြီးတော့လည်း အရင်ဆုံးဖြည့်စွက် ကုသရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ခွဲစိတ်မှုကို ခဏ ရပ်တံ့လိုက်ရတာပါ။ ဒီထက် အဆင်ပြေမယ့် နည်းလမ်းတွေရှိရင်လည်း ခွဲစိတ်ဖို့အတွက် စဉ်းစားပေးထားပါတယ်’’ လို့ ဆိုပါတယ်။
သရုပ်ဆောင် ဇေရဲထက်ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့က သူ့ကို အရမ်းတွေ့ချင်နေတဲ့ ပန်းတနော်မြို့မှ အမာခံပရိသတ် မိန်းကလေးဆီ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဇေရဲထက်ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စလုပ်ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။ အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက် ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေကြားကနေ အခုဆိုရင် အောင်မြင်တဲ့ အနေအထားတစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။