လီဗာပူးတို့ နှစ်ကျော့ပေါင်းရလဒ် ၅-၂ ဂိုးနဲ့ ဗိုလ်လုပွဲတက်ခဲ့တာပါ။

ဗီလာရီးရဲလ်ကစားသမားတွေနဲ့နည်းပြအူနိုင်းအမ်မရီက ဒုတိယအကျော့ အိမ်ကွင်းမှာ လီဗာပူးကောင်းကောင်းကြီး ခံစားရမယ်ဆိုတာကို ပထမအကျော့ပြီးတည်းက ယုံကြည်မှုအပြည့်နဲ့ပြောသွားတယ်။ အခု ပြောသလိုပဲ လီဗာပူးတို့ ပထမပိုင်းမပြီးခင်မှာတင် နှစ်ဂိုးပြတ်နဲ့ ပြန်ရှုံးနေခဲ့တယ်။ ဒါပေမယ့် ဗီလာရီးရဲလ်က ပထမပိုင်းနဲ့ ဒုတိယပိုင်းပုံစံ တအားကြီး ကွာလွန်းခဲ့ပါတယ်။



ပထမပိုင်းမှာတော့ ရလဒ်ပိုင်းအရတင်မက လီဗာပူးတို့ခြေရော၊ စိတ်ဓာတ်ပိုင်းအရရော ရှုံးခဲ့တာဖြစ်တယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ လုံးဝပြောင်းပြန်ဖြစ်သွားတယ်။ စောစောစီးစီးပဲ ဗီလာရီးရဲလ်အတွက် အဖွင့်ဂိုးကို ကာပူးရဲ့ကန်ချက်ကတဆင့် ဒီယာက ပိတ်သွင်းပြီး သူ့ရဲ့ ကစားသမားဘဝ ပထမဆုံး ချန်ပီယံလိဂ်ဂိုးကို သွင်းပေးခဲ့တယ်။ လီဗာပူးအထနှေးတာနဲ့ အငိုက်မိခဲ့တာလည်း ပါပါတယ်။

ပထမပိုင်း (၁၅) မိနစ်အတွင်းမှာ ဗီလာရီးရဲလ်က အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှု (၃) ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ဒီအထဲကနေ တဂိုးရခဲ့ပါတယ်။ ဒီပွဲမှာ ဗီလာရီးရဲလ်တိုက်စစ်က မိုရီနိုဒဏ်ရာကြီးနဲ့ ဝင်ကစားခဲ့ပြီး သူပါလာတာက ဗီလာရီးရဲလ်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို အထောက်အကူဖြစ်စေခဲ့ပါတယ်။

မိုရီနိုက ကွင်းလယ်အထိ ဘောလုံးဆင်းယူချိန်တွေရှိခဲ့တယ်၊ ကြံ့ခိုင်မှုပိုင်းအရလည်း ဗန်ဒိုက်ချ်ကို ကောင်းကောင်းကြီး ယှဥ်ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ လီဗာပူးက အခွင့်အရေး မည်မည်ရရမရခဲ့ဘဲ ခံစစ်သပ်သပ်ဖြစ်ခဲ့တယ်လို့တောင် ပြောရမယ်။

အာနိုးလ်၊ ရော်ဘတ်ဆန်တို့ ဒုက္ခရောက်နေပြီး မာနေး၊ ဆာလာ၊ ဂျိုတာတို့ကလည်း ဗီလာရီးရဲလ်ခံစစ်ရဲ့ အဝင်အထွက်မှန်မှန် ကစားပုံအောက်မှာ အသက်မဲ့ခဲ့ရပါတယ်။ ပထမပိုင်းပြီးခါနီးမှာတော့ ကာပူးရဲ့ ပေးပို့မှုကနေပဲ ကိုကွီလင်က ခေါင်းတိုက်သွင်းပြီး နှစ်ကျော့ပေါင်းရလဒ် သရေဖြစ်စေခဲ့ပါတယ်။ ဒီဂိုးကလည်း ကိုကွီလင်အတွက် ကစားသမားဘဝ ပထမဆုံး ချန်ပီယံလိဂ်သွင်းဂိုးပါ။

အသင်းက အခြေအနေမဟန်တာကို ကလော့ပ်တယောက် ပထမပိုင်းတည်းက ကောင်းကောင်းရိပ်စားမိခဲ့ပါတယ်။ ဒုတိယပိုင်းစတာနဲ့ ဂျိုတာကိုထုတ်၊ ဒီယက်ဇ်ကိုထည့်ပြီး တိုက်စစ်ပြန်မြှင့်ဖို့ လုပ်ခဲ့တယ်။ အာနိုးလ်ရဲ့ ကန်ချက် လမ်းကြောင်းပြောင်းပြီး ဘားတန်းထိထွက်ခဲ့တာလည်း လီဗာပူးအတွက် နစ်နာခဲ့ရပါတယ်။

ဗီလာရီးရဲလ်ကတော့ ခံစစ်စိတ် ပြန်ယိုင်သွားခဲ့ပြီး လီဗာပူးက ဆက်တိုက်ထိုးဖောက်ခဲ့ပြီး ချေပဂိုးတဂိုးအတွက်လည်း အကြာကြီး မစောင့်လိုက်ရပါဘူး။ မထင်မှတ်ဘဲနဲ့ ဆာလာရဲ့ ဖန်တီးပေးမှုကတဆင့် ဖာဘင်ဟိုက ခင်းပေးမလိုလိုနဲ့ ဂိုးထဲကန်သွင်းသွားခဲ့တာပါ။ ဒီဂိုးမှာ ကာပူးရဲ့ အားနည်းချက်အပြင် ဂိုးသမားလည်း အားနည်းခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း လီဗာပူးကပဲ ဆက်တိုက်ဖိအားပေးကစားခဲ့ပြီး ဒီယက်ဇ်ရဲ့ ကန်ချက်တကြိမ် တိုင်ထိထွက်ခဲ့ပေမယ့် အာနိုးလ်ရဲ့ပေးပို့မှုကို ဒီယက်ဇ် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် နှစ်ဂိုးစီသရေဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ လီဗာပူးက ပွဲကို ထိန်းချုပ်နိုင်သွားတယ်လို့ဆိုရမှာပါ။

မာနေးက ဂိုးသမား ရူလီကိုရော ဖို့သ်ကိုပါ ခဲရာခဲဆစ် ကျော်ဖြတ်ပြီး ဘယ်သူမှမရှိတဲ့ ဂိုးပေါက်ထဲကို လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းပြီး လီဗာပူးတို့ အနိုင်ဂိုးရလိုက်ပါတယ်။ ဗီလာရီးရဲလ်အတွက် နှစ်ဂိုးလုံးဖန်တီးပေးခဲ့တဲ့ ကာပူးလည်း ဒုတိယပိုင်းမှာ နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ပထမပိုင်းခြေစွမ်းအရဆို ဗီလာရီးရဲလ်များ ဗိုလ်လုပွဲတက်သွားမလား အားလုံးက ထင်မှတ်ခဲ့ကြမှာပါ။

ဒါပေမယ့် ပွဲတပွဲကို အခိုက်အတန့်လေးတခုက ဆုံးဖြတ်ပေးနိုင်တယ်ဆိုရင် ပွဲချိန်ပြည့်စွမ်းဆောင်ရည်ဆိုတာကလည်း အရေးကြီးပါတယ်။ ဒါကို ပြီးခဲ့တဲ့ ရီးရဲလ်နဲ့ချဲလ်ဆီးတို့ရဲ့ ကွာတားဒုတိယအကျော့မှာ မြင်တွေ့ခဲ့ရသလို အခု ဒီပွဲမှာလည်း မြင်တွေ့ခဲ့ရပါတယ်။ နောက်ပိုင်းမှာ တောက်လျှောက်ခြေစွမ်းပြနေတဲ့ သီယာဂိုဆီကတောင် ဘောလုံးမထွက်အောင် ဗီလာရီးရဲလ်တို့ ပြင်ဆင်လာခဲ့တာပါ။

ဒါပေမယ့် ဒုတိယပိုင်းအစမှာ ကလော့ပ်ရဲ့ ဒီယက်ဇ်ကို လူစားလဲထည့်သွင်းလိုက်မှုက ပွဲရလဒ်ကို အလုံးစုံပြောင်းလဲသွားစေခဲ့ပြီး လီဗာပူးကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် တက်ရောက်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က