အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက အက်စ်တွန်ဗီလာကို နောက်ကနေ ဂိုးတွေလိုက်သွင်းပြီး ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီကန်သွင်းရာမှာ နီကိုးလတ်စ်ပီပီကို ကန်သွင်းစေခဲ့တာဟာ အော်ဘာမီယန်းရဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကြောင်း Metro ရဲ့သတင်းအရ သိရပါတယ်။
နီကိုးလတ်စ်ပီပီဟာ ဒုတိယပိုင်း ၅၉ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် အာဆင်နယ်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်ပရိသတ်တွေဟာ ပင်နယ်တီကန်သွင်းဖို့ တာဝန်ယူထားတဲ့ အော်ဘာမီယန်းမဟုတ်ဘဲ နီကိုးလတ်စ်ပီပီက ကန်သွင်းယူခဲ့တဲ့အတွက် အံ့အားသင့်ခဲ့ကြတာဖြစ်ပါတယ်။
အော်ဘာမီယန်းဟာ အာဆင်နယ်အသင်းရဲ့ ပုံမှန်ပင်နယ်တီကန်သွင်းသူဖြစ်ကြောင်းကို နည်းပြ အမ်မရီက နီကိုးလတ်စ်ပီပီကို ပင်နယ်တီကန်သွင်းခွင့် အော်ဘာမီယန်းက လွှဲပြောင်းပေးခဲ့ပြီးနောက် အတည်ပြု ပြောကြားခဲ့ပါတယ်။
“ဒီနေ့ အော်ဘာမီယန်းက ပီပီကို ကန်ခွင့်ပေးခဲ့တာက အရမ်းကြီးမားတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်”
အာဆင်နယ်အသင်းဟာ ဒုတိယပိုင်းတစ်ပိုင်းလုံးကို မိတ်လန်းနိုင်းစ် အနီကတ်ထိသွားခဲ့တာကြောင့် ၁ ယောက်လျော့နဲ့ ကစားခဲ့ရပြီး နီကိုးလတ်စ်ပီပီရဲ့ ပင်နယ်တီကြောင့် ချေပဂိုး စတင်ရရှိခဲ့တာဖြစ်ပါတယ်။ မိနစ် ၆၀ မှာ ဝက်စ်လေက အက်စ်တွန်ဗီလာအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ၈၁၊ ၈၄ မိနစ်တွေမှာ ကယ်လန်ချန်ဘာနဲ့ အော်ဘာမီယန်းတို့က ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ လိုက်လံသွင်းယူခဲ့တာဖြစ်ပါတယ်။
“တစ်ဖက် ၁၁ ယောက်စီဖြစ်နေတုန်းက ကျွန်တော်တို့ ပွဲကို လိုချင်တဲ့ပုံစံအတိုင်း မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုုတော့ ကွင်းလယ်မှာ ကျွန်တော်တို့ ဘောလုံးအများအပြား ဆုံးရှုံးခဲ့ရပြီး အရွေ့မှာ သူတို့ကို အခွင့်အရေးတွေ ပေးခဲ့ရလို့ပါ”
“ဒုတိယပိုင်းမှာ ကျွန်တော်တို့ ခေါင်းသုံးပြီး ပထမဆုံးကစားဖို့လိုအပ်ခဲ့သလို နှလုံးသားနဲ့လည်း ကစားဖို့ လိုအပ်ခဲ့ပါတယ်။ ကျွန်တော်တို့ကို ပရိသတ်တွေက တွန်းအားပေးဖို့နဲ့ စွန့်စားမှုအချို့ ပြုလုပ်ဖို့ လိုအပ်ခဲ့ပါတယ်”
“အသင်းစိတ်ဓာတ်ကတော့ အံ့အားသင့်စရာပါပဲ။ ကျွန်တော်တို့ ဆက်အလုပ်လုပ်ပြီး တိုးတက်အောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်”လို့ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။