နောက်ထပ်တကြိမ်အတွက် အဆင်သင့်ပြင်ထားဖို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ ပေါ့ဂ်ဘာရဲ့ ပင်နယ်တီ အနှေးကန်သွင်းတဲ့စတိုင်လ်နဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ ပြောသွားမှာမဟုတ်ဘူးလို့ သိရပြီး ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ်ကျရင် ဂိုးသွင်းနိုင်မှာပါလို့ ပေါ့ဂ်ဘာကို အားပေးခဲ့ပါတယ်။

မန်ယူကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ ဆောက်သမ်တန်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်း ၈၉ မိနစ်မှာ ပင်နယ်တီကနေတဆင့် ဂိုးသွင်းယူနိုင်မယ့်အခွင့်အရေး ရရှိခဲ့ပေမယ့် လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်နဲ့ပွဲအပြီးမှာ မန်ယူအသင်းအတွက် အရေးပါတဲ့သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့တဲ့ လူကာကူက ၎င်းအနေနဲ့ ပုံမှန်ပင်နယ်တီကန်သွင်းဖို့ တာဝန်ပေးအပ်ထားတဲ့ ပေါ့ဂ်ဘာကို ပင်နယ်တီကန်သွင်းခွင့်ပေးရတာကို ပျော်ရွှင်ကြောင်း ပြောကြားခဲ့ပါတယ်။

ပေါ့ဂ်ဘာဟာ ပင်နယ်တီမကန်သွင်းမီ တစ်လှမ်းချင်းစီ ဖြေးဖြေးလှမ်းလာပြီး ဂိုးပေါက်အလယ်တည့်တည့်ကို ကန်သွင်းခဲ့တာဖြစ်ပြီး ဆောက်သမ်တန်ဂိုးသမား အန်ဂတ်စ်ဂန်းက ခြေထောက်နဲ့ ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးမရရှိခဲ့တာဖြစ်ပါတယ်။

ပေါ့ဂ်ဘာရဲ့ပင်နယ်တီကန်သွင်းတဲ့စတိုင်လ်ကို ပြောင်းလဲဖို့ တိုက်တွန်းမှာလားလို့ ဆိုးလ်ရှားကို ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်က မေးမြန်းခဲ့တဲ့အခါမှာ အခုလိုပဲ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

“ကျွန်တော် သူ့ကို အဲဒီမှာ ပြောခဲ့တာတစ်ခုပဲရှိတယ်။ နောက်လာမယ့်ပင်နယ်တီတစ်လုံးအတွက်သာ အဆင်သင့်ပြင်ထားလိုက်။ ဘာလို့လဲဆိုတော့ အဲဒီပင်နယ်တီကိုလည်း မင်းပဲ ကန်ရမှာမို့လို့ဆိုပြီးတော့ပေါ့”

“ကျွန်တော် ပင်နယ်တီလွဲချော်ခဲ့ပါတယ်။ သူက ယုံကြည်ချက်ရှိတဲ့ ကောင်လေးပါ။ သူ နောက်ထပ်တစ်ကြိမ် ပင်နယ်တီကိုလည်း ကန်ချင်နေပါတယ်။ ကောင်လေးတွေမှာ အဲဒီလို စရိုက်လက္ခဏာရှိတာမျိုး ခင်ဗျား လိုချင်မှာပါ”

“ဒီနေ့ကတော့ သူ တကယ်ကို စိတ်ပျက်ခဲ့ရတဲ့ လွဲချော်မှုတွေထဲက တစ်ခုပါ။ ပုံမှန်အားဖြင့် သူ အဲဒီလိုစိတ်ပျက်စရာကိစ္စတွေကို ဘေးဖယ်ထားတတ်ပါတယ်။ အဲဒီတော့ သူ အဆင်ပြေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က