ဖေဖော်ဝါရီ ၂၈ ရက် Mobile World Congress ပွဲမှာ Poco က အလတ်တန်းစား ခပ်မိုက်မိုက်ဖုန်းတစ်လုံးကို ကြေညာသွားဖို့ ရှိပါတယ်။
စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပမယ့် MWC ပွဲမှာ Poco က Poco M4 Pro နဲ့ Poco X4 Pro 5G အပါအဝင် ဖုန်းသစ်တွေ မိတ်ဆက်သွားမှာပါ။ Poco M4 Pro ကတော့ LTE-Only ဗားရှင်းပဲ ဖြစ်ပြီး Poco X4 Pro 5G ကတော့ နာမည်အတိုင်း 5G ကွန်ရက်ချိတ်ဆက်မှု ပါလာတဲ့ ဖုန်းအဖြစ် မြင်တွေ့ရမှာပါ။
Photo: GSMArena
Poco X4 Pro 5G မှာ 6nm octa-core Snapdragon 695 Chipset နဲ့လာပြီး mmWave နဲ့ Sub-6 5G ချိတ်ဆက်မှု ပါလာမယ်လို့ ဆိုပါတယ်။ ဖုန်း Specs ပိုင်းမှာ Redmi Note 11 Pro နဲ့ ဆင်ပြီး ကျောဘက်ကင်မရာဒီဇိုင်းပိုင်းမှာပဲ Poco ရဲ့ ကိုယ်ပိုင်ဟန်နဲ့ လာတာပါ။ Redmi ရော Poco ရောက Xiaomi လက်အောက်က Brands တွေ ဖြစ်လို့ ဒီဇိုင်းဗေဒဆင်တာ ၊ Specs ချင်းတူတာ သိပ်အံ့ဩစရာတော့ မဟုတ်ပါဘူး။
မျက်နှာပြင်ဆိုဒ် ၆.၆၇ လက်မ AMOLED Panel ဟာ 120Hz Refresh Rate ၊ 360Hz Touch Sampling တို့နဲ့လာပြီး ကိုယ်ထည်ဘောင်က Square Edge လေးထောင့်စပ်စပ် ဒီဇိုင်း သုံးလာမှာပါ။ Poco X4 Pro 5G ဟာ RAM 8GB/256GB Storage ဗားရှင်းနဲ့ ထွက်ထားပြီး ဘက်ထရီပါဝါ 5000mAh သုံးလာမှာပါ။ သတင်းတွေအရ 67W Charging ပံ့ပိုးမှု ပါမယ်လို့ ဆိုပါတယ်။
Photo: gadgets360
Xiaomi 11 Ultra နဲ့ ဆင်တဲ့ ကျောဘက်ပြည့် အလျားလိုက် ဧရာမကင်မရာ Bump ထဲမှာ 108MP Main Sensor နဲ့အတူ 8MP Ultrawide နဲ့ 2MP Macro Lens တို့ သုံးလာဖို့ ရှိပါတယ်။ နာမည်ကျော် စမတ်ဖုန်းသတင်းပေးတစ်ဦးဖြစ်တဲ့ အီဗန်ဘလတ်စ်က မျှဝေတဲ့ Poco X4 Pro 5G ပုံဒီဇိုင်းမှာ Laser Black နဲ့ Poco Yellow ကာလာတွေအပြင် အပြာရောင်ကာလာဗားရှင်းလည်း ထွက်လာနိုင်တယ်လို့ ဆိုပါတယ်။
Amazon ပြင်သစ်ဝက်ဘ်ဆိုက်မှာတော့ Poco X4 Pro 5G ကို ယူရို ၃၅၀ (မြန်မာငွေ ၇ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့လည်း ဖော်ပြထားပြီးမှ ဖြုတ်ချထားပါတယ်။