တချို့ဂိမ်းတွေလည်း ဆက်မထုတ်တော့ပါဘူး

နာမည်ကျော် Pokemon Go ဂိမ်းကို ရေးဆွဲတဲ့ Niantic ကုမ္ပဏီဟာ ဝန်ထမ်းအင်အားရဲ့ ၈% ကို လူလျှော့မှုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

စမတ်ဖုန်းတွေအကူအညီနဲ့ ပြင်ပမြင်ကွင်းထဲ ဒီဂျစ်တယ်ဖန်တီးချက်တွေ ထည့်သွင်းထားတဲ့ Augmented Reality ဂိမ်းနည်းပညာကုမ္ပဏီအဖြစ် နာမည်ကျော် Niantic ဟာ စီးပွားရေးကသောင်းကနင်းဖြစ်ချိန်နဲ့ ကြုံနေတာကြောင့် ဝန်ထမ်းတွေကို အလုပ်က လျှော့ချလိုက်ရတယ်လို့ ဝန်ထမ်းတွေကို ပေးပို့တဲ့ ကုမ္ပဏီ CEO ဂျွန် ဟန်ကီရဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။ ဒီအီးမေးလ်မှာပဲ နောက်ထပ်လာမနိုင်တဲ့ စီးပွားရေး မငြိမ်မသက်ဖြစ်မှုတွေကို ‌ကျော်လွှားနိုင်ဖို့ ကုမ္ပဏီကို အကောင်းဆုံးအနေအထားအတိုင်း လုပ်ငန်းလည်ပတ်နိုင်အောင် လုပ်ရမယ်လို့ ပြောထားပါတယ်။ 




"တချို့ ပရောဂျက်တွေ ထုတ်လုပ်မှု ရပ်ဆိုင်းဖို့ နဲ့ အဓိကဦးစားပေးအပိုင်းတွေကို အာရုံစိုက်ဖို့ ကျွန်တော်တို့ ဝန်ထမ်းအင်အားရဲ့ ၈% ခန့်ကို လျှော့ချဖို့ မကြာသေးခင်ကပဲ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။" လို့ Niantic ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက Bloomberg ကို ပြောပါတယ်။ အခုထွက်သွားရတဲ့ ဝန်ထမ်းတွေရဲ့ ပါဝင်ပံ့ပိုးမှုကိုလည်း ကျေးဇူးတင်ရှိကြောင်းနဲ့ ခက်ခဲတဲ့ အကူးအပြောင်းအတွက် သူတို့ကို ထောက်ပံ့နေကြောင်းပါ ထုတ်ပြန်ထားပါတယ်။ 

Niantic ကုမ္ပဏီက လျှော့ချလိုက်တဲ့ ဝန်ထမ်းအင်အားဟာ အကြမ်းဖျဉ်း ၈၅ ဦးကနေ ၉၀ အတွင်း ရှိပါတယ်။ ပရောဂျက်အနေနဲ့ ရပ်ဆိုင်းလိုက်တဲ့ ဂိမ်းပရောဂျက် ၈ ခု ရှိပါတယ်။ ရပ်ဆိုင်းသွားတဲ့ ပရောဂျက်တွေထဲမှာ ပြီးခဲ့တဲ့နှစ်က Niantic နဲ့ Hasbro တို့ ကြေညာခဲ့ပြီး တချို့ဈေးကွက်တွေမှာ အစမ်းဖြန့်ချိမှုလုပ်ထားတဲ့ Transformers: Heavy Metal ဂိမ်းလည်း ပါဝင်ပါတယ်။ 


အမေရိကန်ဆော့ဖ်ဝဲလ်ကုမ္ပဏီ Niantic ဟာ ၂၀၁၆ ခုနှစ်မှာ AR Game တစ်ခုဖြစ်တဲ့ Pokemon Go နဲ့ အကြီးအကျယ် အောင်မြင်ခဲ့ပေမယ့် နောက်ပိုင်း ဂိမ်းထုတ်လုပ်ရေးပိုင်းမှာ အရင်လို အောင်မြင်မှုမျိုးကို ပြန်မရတာ ကြာပြီ ဖြစ်ပါတယ်။ နှစ်ဆန်းပိုင်းကပဲ ကုမ္ပဏီဟာ ဟယ်ရီပေါ်တာဂိမ်းကို အခြေခံထားတဲ့ Harry Potter: Wizards Unite ဆိုတဲ့ AR Game တစ်ခုကို ဖျက်သိမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလယ်ပိုင်းမှာလည်း Niantic ရဲ့ AR Catan ဂိမ်းကို ဖျက်သိမ်းခဲ့သလို Pikmin Bloom ဂိမ်းလည်း အောင်မြင်မှု မရခဲ့ပါဘူး။ 

Niantic ဟာ NBA နဲ့ လိဂ်ကစားသမားအစည်းအရုံးတို့နဲ့ ပူးပေါင်းပြီး NAB All-World နာမည်နဲ့ ဘတ်စကတ်ဘောဂိမ်းကို ကြေညာပြီး နောက်တစ်ရက်မှာ လူလျှော့တာနဲ့ ပရောဂျက်တွေ ဖျက်သိမ်းတာတွေ လုပ်ခဲ့တာပါ။ လောလောဆယ်မှာတော့ Niantic ဟာ Pokemon Go ကစားသူအချင်းချင်း စကားစမြည်ပြောဆိုနိုင်မယ့် App တစ်ခု မကြာခင် ဖြန့်ချိဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က