လွန်ခဲ့တဲ့ ဆယ်စုနှစ်က မန်စီးတီးကို အောင်မြင်မှုတွေ စတင်ရယူပေးခဲ့သူပါ။

မန်ချက်စတာစီးတီးနည်းပြဟောင်း ရောဘတ်တို မန်စီနီဟာ လာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို နည်းပြသစ်အဖြစ် တာဝန်ယူကိုင်တွယ်သွားဖို့ လျာထားခြင်း ခံထားရတဲ့ နည်းပြဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်မှာ ရလဒ်တွေ တောက်လျှောက်ဆိုးရွားခဲ့တဲ့နောက် နည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်ပြီး ရာ့လ်ဖ် ရန်းနစ်ခ်က ယခုရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုဟာ မန်ချက်စတာကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာကြောင့် ဆိုးလ်ရှားရဲ့နေရာမှာ အမြဲတမ်းနည်းပြသစ်အဖြစ် ခန့်အပ်ခံရဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေသူအဖြစ် ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။



ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်းအမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၂ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပြီး ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကိုလည်း သက်တောင့်သက်သာ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပေမယ့် အာဂျင်တီးနားလူမျိုးနည်းပြဟာ ပဲရစ်မှာ နေထိုင်ရတဲ့ဘဝကို အပြည့်အဝ စိတ်ကျေနပ်ခြင်းမရှိတာဖြစ်ပါတယ်။ ပိုချက်တီနိုနဲ့ မန်ချက်စတာယူနိုက်တက်တို့ သတင်းတွေ ဆက်လက်အခိုင်အမာထွက်ပေါ်နေချိန်မှာ Telegraph က မန်စီနီကလည်း မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေတဲ့နည်းပြဖြစ်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

မန်စီနီဟာ ၂၀၁၈ ခုနှစ်ကတည်းက အီတလီလက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီမှာ ယူရိုဖလားကို ကိုင်မြှောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာ မန်ချက်စတာစီးတီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းကလည်း ပရီးမီးယားလိဂ်ဖလားနဲ့ အက်ဖ်အေဖလားကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အသက် ၅၇ နှစ်အရွယ် နည်းပြဟာ အီတလီလက်ရွေးစင်နည်းပြရာထူးကို စိတ်နှစ်ထားပေမယ့် Telegraph က ယူနိုက်တက်သာ ခေါ်ဖို့ ကြိုးပမ်းမယ်ဆိုရင် ပရီးမီးယားလိဂ်ကို ပြန်လာနိုင်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Share

က္က