ချဲလ်ဆီးတိုက်စစ်မှူး နီကိုးလပ်စ်ဂျက်ဆင်ဟာ မနေ့ညက အက်စတွန်ဗီလာကို ၀-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ အဝါကတ် ပြသခံခဲ့ရတာကြောင့် လာမယ့်တစ်ပတ်မှာ ပွဲပယ်ခံရတော့မှာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ လာမယ့် အောက်တိုဘာလ (၂) ရက်နေ့မှာ ဖူလ်ဟမ်နဲ့ ရင်ဆိုင်ကစားရမှာပါ။
ဂျက်ဆင်ဟာ ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ဂိုးသမား မာတီနက်ဇ် ပြစ်ဒဏ်ဘောကို လျင်လျင်မြန်မြန် ကန်တင်ဖို့ ကြိုးစားတာကို တားဆီးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ကွင်းလယ်လူ ဂေလ်လတ်က ဂျက်ဆင်ကို အဝါကတ်ပြသပြီး သတိပေးခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီကမှ ချဲလ်ဆီးကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဒီကစားသမားဟာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၅) ပွဲ ကစားပြီးချိန်မှာ လူတန်တောင်းဘက်ကို တစ်ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ဒါပေမယ့် ဒီပွဲတိုင်းမှာတော့ ဒီကစားသမားက ဒိုင်လူကြီးကို စောဒကတက်ရင်းနဲ့ပဲ အဝါကတ်တွေ ပြသခံခဲ့ရပါတယ်။
အခုချိန်မှာတော့ (၅) ပွဲကစား၊ အဝါကတ် (၅) ကတ်နဲ့ လာမယ့်ပွဲကို ဂျက်ဆင်တစ်ယောက် လွဲချော်ရတော့မှာဖြစ်ပါတယ်။ ပိုချက်တီနိုကလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဂျက်ဆင်အနေနဲ့ အခုလိုမျိုး အဝါကတ်ထိတဲ့ လုပ်ရပ်တွေကို ရှောင်ရှားသင့်ကြောင်း အသိပေးထားတယ်လို့ လူသိရှင်ကြား ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် ဂျက်ဆင်ကတော့ မဆင်ခြင်ခဲ့ပါဘူး။
ပိုချက်တီနိုက “ကျွန်တော် ဂျက်ဆင်၊ အန်ဇိုဖာနန်ဒက်ဇ်တို့နဲ့ အစည်းအဝေးလုပ်ခဲ့ပါတယ်။ ပြီးတော့ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဒိုင်တွေနဲ့ စကားများ၊ စောဒကတက်ရင်း အဝါကတ်လေးကတ်တောင် ပြခံထားရတာက အရမ်းကို ပေါပေါပဲပဲနိုင်လွန်းတယ်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့လုပ်ရပ်က အသင်းကို ခက်ခဲတဲ့ အနေအထားဆီ ရောက်သွားနိုင်တယ်လို့ ကျွန်တော် ပြောခဲ့ပြီး သူကလည်း နားလည်ခဲ့ပါတယ်” လို့ ဗီလာနဲ့ပွဲမတိုင်ခင် ပြောကြားထားခဲ့တာပါ။