ကိုယ့်အိမ်မှာ မဝတ်ဖြစ်တော့ဘဲပိုနေတဲ့ အဝတ်တွေနဲ့ လဲလှယ်ယူနိုင်ပါတယ်။

အိမ်မှာပိုလျှံနေတဲ့ အဝတ်အထည်တွေကို ကိုယ့်အတွက် လိုအပ်တဲ့ အဝတ်အထည်တွေနဲ့ လဲလှယ်နိုင်သလို လာရောက်လဲလှယ်တဲ့ အထည်တွေကိုလည်း လိုအပ်နေတဲ့သူတွေဆီ လှူဒါန်းပေးတဲ့ အစီအစဉ်လေးရဲ့ နာမည်ကတော့ နှစ်ထည်ပေး တစ်ထည်ယူ အစီအစဉ်လို့ အမည်ပေးထားပါတယ်။ 




စတင်ခဲ့တဲ့ရည်ရွယ်ချက် 


ဒီအစီအစဉ်‌လေးရဲ့ ရည်ရွယ်ချက်ကတော့ အဝတ်အထည်တွေကို ထုတ်တဲ့အခါမှာ ထွက်တဲ့ ကာဗွန်တွေကို လျော့ချဖို့ ၊ တစ်ဦး‌တစ်ယောက်ချင်းစီက ထွက်တဲ့ ကာဗွန်တွေကို လျော့ချဖို့ ၊ မသုံးတော့တဲ့ မဝတ်တော့တဲ့ အဝတ်တွေစုပုံလာတာတွေကို လျော့ချနိုင်ဖို့ ၊ ပတ်ဝန်းကျင်ကို အကျိုးပြုဖို့ ၊ လူထုအတွက် အကျိုးပြုဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ 



ဒီနှစ်တွင်းမှာမှ စတင်ခဲ့တဲ့ အစီအစဉ်လေး 


စတင်ခဲ့တာကတော့ ၂၀၂၃ ခုနှစ် မေ လ ၉ ရက်နေ့က စတင်ခဲ့တာဖြစ်လို့ သက်တမ်းအားဖြင့် ၅ လသာရှိပါသေးတယ်။ ဒါပေမယ့်လည်း သိတဲ့သူအများအပြားရှိနေပြီဖြစ်ပြီး အပတ်စဉ် အဝတ်အထည်လာရောက်လဲလှယ်ကြသူတွေ ထုနဲ့ထေးပါပဲ။ တချို့တွေဆို အထည်အများကြီးနဲ့ လာရောက်လဲလှယ်ကြသူတွေရှိသလို တချို့ကတော့လည်း ပြန်မယူတော့ဘဲ အိမ်က အဝတ်အထည်တွေကို လာပေးသွားကြတာမျိုးလည်း တွေ့ရပါတယ်။ 


ပြန်လည်လှူဒါန်းမှုတွေလည်း ပြုလုပ်ပြီးဖြစ် 


 အဝတ်အထည်စုစုပေါင်း ၅၀ ကနေစတင်ခဲ့ပေမယ့် ခုတော့  အထည်ပေါင်း ထောင်ကျော်ဖြစ်နေခဲ့ပါပြီ။ နှစ်ထည်ပေးတစ်ထည်ယူ အစီအစဉ်ရဲ့ အဝတ်အစားတချို့ကိုတော့ မိုခါမုန်တိုင်းသင့်ပြည်သူတွေအတွက် လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ 



ရန်ကုန်တွင်းသာမက နယ်မြို့များကလည်း ပါဝင်လှူဒါန်း 


စတင်ခဲ့တဲ့ အချိန်ခဏလေးအတွင်းမှာပဲ ရန်ကုန်မြို့နယ်အများစုက လူတွေ လာရောက်လဲလှယ်လှူဒါန်းကြသလို နယ်မြို့တွေကနေလည်း Delivery စနစ်နဲ့ ပေးပို့လှူဒါန်းနေကြတယ်လို့ သိရပါတယ်။ ကိုယ့်အိမ်က အသုံးမလိုတဲ့ အင်္ကျီတွေကို ကိုယ့်အတွက် လိုအပ်မယ်ထင်တဲ့ အဝတ်အထည်တွေနဲ့ လဲလှယ်ချင်တယ်၊ ကိုယ့်ရဲ့ အဝတ်အစားတွေကို လိုအပ်နေတဲ့ နေရာတွေမှာ လှုဒါန်းချင်တယ်ဆိုရင်တော့ အပတ်စဉ်အင်္ဂါနေ့တိုင်း Fashion Track ကားလေးဆီကို သွားရောက်လဲလှယ်လှူဒါန်းနိုင်ပါတယ်။ 



နှစ်ထည်ပေးတစ်ထည်ယူအစီအစဉ်ကတော့ ခုချိန်မှာ လမ်းမတော်မြို့နယ်၊ ဗဟိုစည်အိမ်ယာထဲမှာပဲ လုပ်ဖြစ်နေတာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ တခြားမြို့နယ်တွေဆီလည်း သွားနိုင်အောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။ ကိုယ့်အိမ်မှာ ပိုလျှံနေတဲ့ အဝတ်အထည်တွေကို ကိုယ်နဲ့ သင့်တော်တဲ့ အဝတ်လေးတွေနဲ့ လဲလှယ်လို့ ရတဲ့ ဒီ Fashion Track ကားလေးဆီသွားရောက် လေ့လာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။ 






ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က