အပျိုဖော်ဝင်ကာစအချိန်ကနေ စတင်ပြီး အမျိုးသမီးတွေဟာ ဓမ္မတာလာခြင်း၊ အဖြူဆင်းခြင်းစတာတွေကို ကြုံတွေ့ကြရတာ ထုံးစံပါပဲ။ ဒီလို အမျိုးသမီးတိုင်း ခံစားရတဲ့ အဖြူဆင်းခြင်း ကို ဘယ်လိုအနေအထားက ပုံမှန်အဆင့်၊ ဘယ်လိုအနေအထားက စိုးရိမ်ရတဲ့ အဆင့်လည်းဆိုတာကို သိထားသင့်ပါတယ်။
မိန်းမကိုယ်ကနေ အဖြူဆင်းခြင်း
မိန်းမကိုယ်ကနေ အဖြူဆင်းတာကို အကြမ်းဖြင်းအားဖြင့် နှစ်မျိုးသတ်မှတ်ထားပါတယ်။ အဲဒါကတော့ ပုံမှန်အဖြူဆင်းခြင်းနဲ့ ရောဂါကြောင့် အဖြူဆင်းခြင်းပဲ ဖြစ်ပါတယ်။
ပုံမှန်အဖြူဆင်းခြင်း
Photo: Healthline
ပုံမှန်အဖြူဆင်းတာကတော ့စိုးရိမ်စရာမရှိပါဘူး။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်အင်္ဂါအစိတ်အပိုင်းဟာ စိုစွတ်ပါတယ်။ စိုစွတ်နေမှလည်း မိန်းမကိုယ်ထဲကို ပိုးတွေမဝင်နိုင်အောင်လို့ တားထားပေးနိုင်တာပါ။ လိင်ဆက်ဆံတဲ့အခါမှာလည်း အမျိုးသမီးအင်္ဂါအစိတ်အပိုင်းက စိုစွတ်နေမှသာ လိင်ဆက်ဆံရတာ လွယ်ကူတာပါ။ ဒါ့ကြောင့် ပုံမှန်အဖြူဆင်းခြင်းဟာ လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။
အဖြူဆင်းလေ့ရှိတဲ့အချိန်များ
ပုံမှန်အားဖြင့်တော့ ရာသီလာခါနီးမှာ သွေးကြောလေးတွေ ပွလာတာဖြစ်တဲ့အတွက် အဖြူဆင်းတတ်ပါတယ်။ သားဉကြွေခါနီး ရာသီလာခါနီး ၁၄ရက်အတွင်း၊ ရာသီလာပြီး ၁၄ရက်အတွင်းမှာ အဖြူဆင်းတတ်ပါတယ်။
ပုံမှန်အဖြူဆင်းခြင်းရဲ့ လက္ခဏာများ
ပုံမှန်အဖြူဆင်းတယ်ဆိုရင်တော့ ယားယံတာတွေ၊ အနံ့ဆိုးထွက်တာတွေ၊ အဖြူမဟုတ်တဲ့ တခြားအရောင်ထွက်တာတွေ မရှိပါဘူး။ အချွဲနည်းနည်းနဲ့ အရည်ကြည်လေးတွေပဲ ထွက်တတ်ပါတယ်။
ရောဂါကြောင့် အဖြူဆင်းခြင်း
အဖြူဆင်းတာမှာ ယားယံမှုတွေ ခံစားရမယ်၊ အနံ့ဆိုးတွေ ထွက်မယ်၊ အဖြူမဟုတ်ဘဲ ဒိန်ချဉ်လို အဖြူဖတ်ဖတ်တွေလည်း တွေ့ရသလို ယားယံတာတွေလည်း ခံစားရတယ်။ အဝါရောင်၊ အစိမ်းရောင်၊ သွေးနည်းနည်းလည်း ပါမယ်၊ သွေးအနီရောင်၊ နီညိုရောင် စတာတွေပါလာမယ်ဆိုရင်တော့ ရောဂါကြောင့် အဖြူဆင်းတာဖြစ်ပြီး တတ်ကျွမ်းသူနဲ့ ပြသဖို့ လိုပါတယ်။
လိင်ကတဆင့်လည်း ဖြစ်ပေါ်တတ်
Photo: Healthline
တစ်ခါတရံမှာ ရောဂါကြောင့် အဖြူဆင်းတာတွေဟာ လိင်ဆက်ဆံဖော်ကြောင့် ဖြစ်ရတာတွေလည်း ဖြစ်တတ်ပါတယ်။ လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေကြောင့်လည်း အဖြူဆင်းတတ်ပါတယ်။
ရောဂါကြောင့် အဖြူဆင်းခြင်း အမျိုးအစားများ
ရောဂါကြောင့် အဖြူဆင်းခြင်း အမျိုးအစားတွေထဲမှာ ပိုးဝင်ခြင်းလည်း ပါဝင်ပါတယ်။ ပိုးဝင်ခြင်းတွေထဲမှာမှ -ဘက်တီးရီးယားပိုးဝင်တာကြောင့် အဖြူဆင်းခြင်း၊
-မှိုပိုးကြောင့်အဖြူဆင်းခြင်း
-လိင်ဆက်ဆံမှုကတဆင့် ကူးစက်တဲ့ ရောဂါတွေကြောင့် အဖြူဆင်းခြင်း
-တကိုယ်ရည်သန့်ရှင်းမှု မရှိတာကြောင့် အဖြူဆင်းခြင်း
-မသန့်ရှင်းသော ရေတွေကြောင့် အဖြူဆင်းခြင်း
-မသန့်ရှင်းသော အတွင်းခံတွေကြောင့် အဖြူဆင်းခြင်း စတဲ့ အမျိုးအစားတွေရှိပါတယ်။
မပြုလုပ်သင့်တဲ့ အရာများ
ရောဂါကြောင့် အဖြူဆင်းတာတွေဟာ ယားယံမှုဝေဒနာကို ခံစားရတတ်ပါတယ်။ ယားယံလို့ဆိုပြီး ဝေဒနာသက်သာအောင်လုပ်တဲ့ အပြုအမူအချို့ဟာ ပိုမိုဆိုးရွားစေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
-ရေနွေးပူနဲ့ မိန်းမကိုယ်ကို ဆေးကြောတာမျိုး မလုပ်ပါနဲ့။ (ရေနွေးနွေးလေးနဲ့သာ ဆေးကြောပါ။)
-အရက်ပြန်တွေနဲ့ ပွတ်သပ်တာမျိုး မလုပ်ပါနဲ့။
မိန်းမကိုယ်ဟာ နူးညံ့တဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် ဂရုတစိုက်ဆေးကြောသင့်ပါတယ်။
ဘယ်လိုကုသလို့ ရနိုင်သလဲ
Photo: Healthline
အဖြူဆင်းတာကြောင့် ယားယံတာ ၊ အနံ့ဆိုးတာတွေကို သက်သာစေချင်တယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး မိန်းမကိုယ်အတွင်း ဆေးထည့်တာ ၊ သောက်ဆေးသောက်တာ ၊ လိမ်းဆေးလိမ်းတာတွေ ပြုလုပ်နိုင်ပါတယ်။
သတင်းဆောင်းပါးပါအချက်အလက်များသည် သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာငြိမ်းမိုးသော်မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။