ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒို အသင်းကထွက်ခွင့်တောင်းတဲ့အချိန်က သူ့နေရာကို အစားထိုးဖို့ ကစားသမား ရှာရခက်သွားတဲ့အချိန်ဖြစ်နေတဲ့အပေါ် ယူနိုက်တက်တာဝန်ရှိသူတွေက စိတ်ပျက်အံ့အားသင့်ခဲ့ရတယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုဟာ ဇူလိုင် (၂) မှာ အသင်းကနေ ထွက်ခွာခွင့်တောင်းခံခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
ယူနိုက်တက်ဟာ ဒီမတိုင်ခင်က လက်ရှိနွေရာသီစျေးကွက်မှာ ဟာလန်း၊ ဒါဝင်နူနက်ဇ်တို့လို ကစားသမားတွေကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံးက ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့လီဗာပူးတို့ကိုသာ စောစောစီးစီး ရောက်ရှိသွားခဲ့ပါတယ်။ လက်ရှိအနေအထားအရ စျေးကွက်ထဲမှာ ရော်နယ်ဒိုနေရာကို တူတူတန်တန် အစားထိုးနိုင်တဲ့ ကစားသမားမရှိတော့ဘူးလို့ဆိုရမှာပါ။
The Athletic ရဲ့ဖော်ပြချက်အရ ယူနိုက်တက်တာဝန်ရှိသူတွေဟာ လက်ရှိအချိန်က ထိပ်တန်းဂိုးသွင်းရှင်တယောက်ရဲ့ နေရာကို အစားထိုးခေါ်ယူဖို့ အချိန်ကောင်းမဟုတ်တာကြောင့် ရော်နယ်ဒိုရဲ့ဆုံးဖြတ်ချက်အပေါ် အံ့အားသင့်ခဲ့ရကြောင်း သိရှိရပါတယ်။ ယူနိုက်တက်အနေနဲ့ ရော်နယ်ဒိုကို မရောင်းချဘူးလို့ဆိုနေပေမယ့် ဒီကစားသမားအတွက် ကမ်းလှမ်းမှုရလာရင် ရောင်းချဖို့ စီစဥ်ထားရပါတယ်။
ဒါပေမယ့် ပြန်လည်အစားထိုးနိုင်မယ့် တိုက်စစ်မှူးသစ်ကို ခေါ်ယူဖို့က အချိန်အခါကောင်းမဟုတ်တော့ဘူးလို့ မန်ချက်စတာမြို့ခံအသင်းဘက်က ယူဆထားပါတယ်။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ကစားချင်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတသင်းထံ လစာလျှော့ယူပြီး ပြောင်းရွှေ့ဖို့အထိ ဆုံးဖြတ်ထားပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ယူနိုက်တက်ကို ရုတ်တရက်ပြောင်းရွှေ့လာချိန်မှာလည်း အပြောင်းအရွှေ့ပိတ်ဖို့ ရက်ပိုင်းသာလိုတော့တဲ့အချိန်ဖြစ်တာကြောင့် ဂျူဗင်တပ်စ်တို့ အခက်တွေ့ခဲ့ရပါသေးတယ်။ အဲ့ဒီတုန်းက ရော်နယ်ဒိုရဲ့လုပ်ရပ်အပေါ် ဂျူဗင်တပ်စ်အကြီးအကဲတွေနဲ့ ကစားသမားအချို့က မကျေမနပ်ဖြစ်ခဲ့ပြီး အခွင့်ရချိန်တိုင်း ရော်နယ်ဒိုကို ထိုးနှက်နေဆဲဖြစ်ပါတယ်။