နာမည်ကြီး Anti-Virus ကုမ္ပဏီ Avast ဟာ Google ၊ Microsoft ၊ Home Depot ၊ Pespi နဲ့ တစ်ခြားကုမ္ပဏီတွေဆီ သုံးစွဲသူတွေရဲ့ ဝက်ဘ်ရှာဖွေမှု မှတ်တမ်းအချက်အလက်များ ရောင်းချနေတယ်လို့ ဆိုပါတယ်။
Motherboard နဲ့ PCMag တို့ ပူးပေါင်းစုံစမ်းမှုအရ သုံးစွဲသူ ၄၃၅ သန်း ရှိထားတဲ့ Avast ဟာ Jumpshot လို့ ခေါ်တဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုကို သုံးပြီး သုံးစွဲသူတွေရဲ့ အချက်အလက်ကို ရောင်းထုတ်နေတယ်လို့ ဆိုပါတယ်။Avast ဟာ ကုမ္ပဏီရဲ့ Antivirus ဆော့ဖ်ဝဲလ်ကနေ Web Browsing လုပ်သူရဲ့ အချက်အလက်တွေကို ကူးယူပြီး Jumpshot ဆီ လွှဲပေးခဲ့တယ်လို့ သိရပါတယ်။
Photo: indiatimes
Jumpshot ဟာ ဒီအချက်အလက်တွေကို ပြန်စဉ်ပြီး ရောင်းချခဲ့တာပါ။ တစ်ခါတစ်လေမှာ အချက်အလက် ရောင်းချမှုကနေ ဒေါ်လာ သန်းဆယ်ဂဏန်း ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ Avast ဟာ သုံးစွဲသူတွေကို အချက်အလက်မျှဝေခွင့်နဲ့ ပတ်သက်ပြီး ရွေးချယ်မှုပေးထားပေမယ့် သုံးစွဲသူ အများစုကတော့ Jumpshot ဟာ သူတို့ရဲ့ အချက်အလက်တွေ ပြန်ရောင်းနေတာ မသိဘူးလို့ စုံစမ်းမှုက ထုတ်ပြန်ပါတယ်။
Avast ဟာ သုံးစွဲသူတွေရဲ့ အချက်အလက် ရှာဖွေတဲ့ search history မှတ်တမ်း ၊ တည်နေရာနဲ့ YouTube ပေါ်က သူတို့ ကြည့်တဲ့ ဗွီဒီယိုတွေအပြင် PornHub နဲ့ YouPorn တို့လို porn sites တွေထဲ ဝင်တဲ့ မှတ်တမ်းတွေ ပါဝင်ပါတယ်။ရောင်းချလိုက်တဲ့ တစ်ချို့အချက်အလက်တွေထဲမှာ ဝက်ဘ်ဆိုက်တစ်ခုထဲ ဝင်တဲ့ အချိန်နဲ့ ကြည့်တဲ့ ဗွီဒီယိုတွေလည်း ပါနေပါတယ်။
Photo: Flipboard
အချက်အလက်တွေမှာ ဝင်ကြည့်သူရဲ့ နာမည်နဲ့ တစ်ခြား ID အမှတ်အသားတွေတော့ ပြမထားဘူးလို့ ဆိုပါတယ်။ အချက်အလက်တစ်ခုချင်းစီရဲ့ ထူးခြားမှုပေါ် လိုက်ပြီး Avast ဟာ ဈေးနှုန်းနဲ့ ပါမယ့် packages တွေ ပြန်ချပါတယ်။ နယူးယော့ခ်အခြေစိုက် မီဒီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ Ominicom ကတော့ နိုင်ငံ ၁၄ နိုင်ငံက web browsing သုံးသူတွေရဲ့ အချက်အလက် package တွေကို ဒေါ်လာ ၄.၅ သန်းအထိ ပေးဝယ်ခဲ့တယ်လို့ ဆိုပါတယ်။
Avast နဲ့ လက်တွဲပြီး အချက်အလက် ဝယ်ရောင်းလုပ်နေတဲ့ ကုမ္ပဏီစာရင်းမှာ Expedia ခရီးသွားနည်းပညာကုမ္ပဏီ ၊ Intuit ငွေကြေးနည်းပညာလုပ်ငန်း ၊ Keurig အဖျော်စက်ကုမ္ပဏီ ၊ Conde Nast မီဒီယာ ၊ Sephora နဲ့ Loreal အလှကုန်လုပ်ငန်းများလည်း ပါဝင်နေပါတယ်။ Microsoft ကတော့ Avast နဲ့ အချက်အလက် ဝယ်ရောင်းမှုကို ရပ်ဆိုင်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။