ပြည်ပတင်ပို့မှု ထိခိုက်မှုမရှိခဲ့ပါဘူး။

အိုင်ဗရီကို့စ်နိုင်ငံကို တင်ပို့ခဲ့တဲ့ မြန်မာ့ဆန်တွေ ဖျက်ဆီးခံရတဲ့ကိစ္စမှာ မြန်မာ့ဆန်အရည်အသွေး ညံ့လို့မဟုတ်ဘဲ ကြာမြင့်စွာ သိုလှောင်မှုနဲ့ သဘောၤရဲ့ အားနည်းချက်တွေကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တာဝန်ရှိသူတွေက ပြောပါတယ်။

(ဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က ရှင်းလင်းပြောကြားစဉ်)

ဧပြီလ ၂၂ ရက်နေ့က UMFCCI မှာ အိုင်ဗရီကို့စ်နိုင်ငံမှာ စားသုံးရန် မသင့်ဘူးလို့သတ်မှတ်ကာ မြန်မာ့ဆန်တွေ ဖျက်ဆီးခြင်းခံရတဲ့ကိစ္စကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ စိစစ်လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဆန်တွေဟာ လွန်ခဲ့တဲ့ (၈) လလောက်က တင်ပို့ထားတဲ့ဆန်တွေ ဖြစ်ပြီး သဘောၤပေါ်မှာ ကာလကြာရှည် သိုလှောင်ထားတဲ့ဒဏ်တွေကြောင့်လို့ မြန်မာနိုင်ငံကနေ ဆန်ဝယ်ယူတဲ့ နိုင်ငံအများစုက သိရှိတာကြောင့် ဆန်တင်ပို့မှုနဲ့ ပတ်သက်ပြီး ထိခိုက်တာမျိုးတော့ မရှိခဲ့ဘူးလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က ဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ Buyer တွေကတော့ ဒီဖြစ်စဉ်ပေါ်မှာ ကောင်းကောင်းသဘောပေါက်ခဲ့လို့ ပြည်ပတင်ပို့မှုအပေါ်မှာ သက်ရောက်မှုမရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ စိုးရိမ်တာက အာဖရိကနိုင်ငံတွေမှာ ဝယ်ယူစားသုံးသူတွေကို သတင်းအချက်အလက်သိရှိမှု အားနည်းနေတာကြောင့် ဒီကိစ္စဟာ ကြာမြင့်စွာသိုလှောင်မှုကြောင့်ဖြစ်တယ်ဆိုတာကို အသိပေးရမှာပါ” လို့ ဦးရဲမင်းအောင်က ဆိုပါတယ်။

(သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်)

ဒီဖြစ်စဉ်ပေါ်မူတည်ပြီး ပြည်ပကို ဆန်တင်ပို့တဲ့အခါမှာ မိုးတွင်းမှာ သဘောၤတင်နိုင်ဖို့ ဆိပ်ကမ်းတွေမှာ အဆောက်အအုံတွေ၊ သိုလှောင်ရုံတွေ ဖွံဖြိုးတိုးတက်ဖို့၊ Banking စနစ်တွေ ကောင်းမွန်ဖို့ လိုအပ်နေတယ်လို့လည်း ဦးရဲမင်းအောင်က ဆက်လက် ပြောပါတယ်။

“ကျွန်တော်တို့က သဘောၤတင်ရတဲ့အခါမှာ ရန်ကုန်ဆိပ်ကမ်းတစ်ခုကိုပဲ အားကိုးနေရတယ်။ ရန်ကုန်ဆိပ်ကမ်းကလည်း ညဘက်ပဲတင်ရတယ်။ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ ဆန်စပါးကနေ နိုင်ငံခြားပို့ကုန်ငွေကို ရှာပေးနေရပြီးတော့ ဆန်စပါးကဏ္ဍကို တောင်သူလယ်သမားတွေအထိ ဈေးနှုန်းကို ပြန်ထိန်းထားနိုင်တဲ့ ပို့ကုန် ဖွံဖြိုးတိုးတက်မှုတွေ အများကြီးလိုအပ်နေပါတယ်။ ဒါကိုလည်း နိုင်ငံတော်အစိုးရက ပံ့ပိုးဖို့ လိုအပ်တယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက တင်ပို့တဲ့ဆန်တွေဟာ အန္တရာယ်ရှိတဲ့ စားသောက်ကုန်တွေဖြစ်တာကြောင့် အိုင်ဗရီကို့စ်မှာ ဖျက်ဆီးလိုက်ကြောင်း သတင်းတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပျံ့နှံလာခဲ့ပါတယ်။ အဆိုပါကိစ္စအပေါ် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မြန်မာ့ဆန်အရည်အသွေးကြောင့်မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဆက်လက်စုံစမ်းမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ဧပြီလ ၂၀၁၈ ခုနှစ်ကနေ မတ်လ ၂၀၁၉ခုနှစ်အထိ ပြည်ပနိုင်ငံ ၅၂ နိုင်ငံကို ဆန်တင်ပို့မှုတွေကြောင့် ပို့ကုန်ဝင်ငွေ ၆၄၈ ဒသမ ၇၂၇ မီလီယံအထိရရှိခဲ့တယ်လို့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

Share

Loading Next Article...
က္က