လူတိုင်းမှာ ဝါသနာရှိရာအလုပ်ကို တစ်စိုက်မတ်မတ် လုပ်သွားမယ်ဆိုရင် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိသွားနိုင်ကြောင်း သက်သေပြသွားသူကတော့ အသက် ၁၄ နှစ်အရွယ်သာရှိသေးတဲ့ ပန်းချီဆရာ မောင်ဘုန်းမြတ်စံပဲဖြစ်ပါတယ်။ အသက် ၆ နှစ်အရွယ်ကတည်း က ပန်းချီပညာကို အခြေခံကျကျလေ့လာသင်ယူခဲ့ပြီး ၈နှစ်အကြာမှာတော့ Professional ပန်းချီဆရာတစ်ယောက်အနေနဲ့ ရပ်တည်နိုင်နေပြီဖြစ်ပါတယ်။
၆နှစ်သားဘဝတည်းက ပန်းချီပညာစတင်သင်ယူခဲ့သူ
ပန်းချီဆရာ ဘုန်းမြတ်စံရဲ့ အသက် ၆ နှစ်အရွယ်မှာ နေထိုင်ရာအိမ်အနီးအနားမှာပဲ ပန်းချီသင်တန်းတွေ့ခဲ့လို့ မိဘနှစ်ပါးက အပ်ပေးခဲ့ပြီး ကလေးပန်းချီသင်တန်းလေး စတင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီပန်းချီသင်တန်းမှာပဲ ၃ နှစ်တိတိဆက်တိုင် သင်ယူခဲ့ပြီး ပန်းချီအခြေခံ၊ အရောင်သီအိုရီ ၊ ခဲပန်းချီတွေနဲ့ ပတ်သက်ပြီး သင်ကြားခဲ့ရတယ်လို့ သိရပါတယ်။ ပန်းချီသင်တန်းတက်ပြီးတဲ့နောက်မှာ ပန်းချီဝါသနာဟာ ပိုပြီး အသက်ဝင်လာတာ ဖြစ်တယ်လို့ ပန်းချီဆရာဘုန်းမြတ်စံကပြောပါတယ်။
“အရင်တုန်းက ဟိုဆွဲ ဒီဆွဲ လျှောက်ဆွဲတာပေါ့။ အဲဒါကြောင့်ပဲ အဖေအမေတွေက ပန်းချီသင်တန်းပို့လိုက်တာပေါ့။ ၆ နှစ်အရွယ်ကနေ စတင်ပြီး ပန်းချီသင်တန်းစတက်ခဲ့တာ၊ သင်တန်းမတက်ခင်ကတော့ အရုပ်ပုံတွေ လျှောက်ဆွဲတာပေါ့၊ ပါဝါရိန်းဂျားတို့ ၊ ဂျပန် Anime ကာတွန်းတွေ လျှောက်ဆွဲတာ၊ ပန်းချီသင်တန်းတက်တဲ့အချိန်မှာတော့ အခြေခံပဲသင်ပေးတာပေါ့။ ကလေးပန်းချီသင်တန်းလေး။ ပန်းချီဆရာမနာမည်က ဒေါ်ခိုင်သင်ဇာစိုး၊ သူက အစုံသင်ပေးတာ။ သူ့ဆီမှာပဲ သုံးလေးနှစ်လောက်တက်ခဲ့တာ။ အခြေခံသင်ပေးတာပေါ့။ အရောင်အကြောင်းတွေ၊ ခဲပန်းချီအခြေခံတွေ ၊ သင်တန်းအပ်ပြီးမှ တဖြေးဖြေးပိုပြီးတော့ ဝါသနာပါလာတာပေါ့။ ဝါသနာပါတာကို လေ့လာရတာဆိုတော့ ပျော်ပါတယ်။”
မိဘနှစ်ပါးရဲ့ ထောက်ပံ့ကူညီမှုတွေ အများကြီးရရှိခဲ့
ပန်းချီဆရာဘုန်းမြတ်စံရဲ့ ပန်းချီဝါသနာကို သိသွားခဲ့တဲ့ မိဘနှစ်ပါးဟာ တက်နိုင်တဲ့ နေရာကနေ သားဖြစ်သူရဲ့ ဝါသနာကို အများကြီး ပံ့ပိုးပေးခဲ့ပါတယ်။ ပန်းချီသင်တန်းတွေ အပ်ပေးတာ ၊ ပန်းချီအတွက် လိုအပ်တဲ့ ပစ္စည်းတွေ၊ ဆေးတွေ ဝယ်ပေးတာ၊ ပန်းချီစာအုပ်တွေ ဝယ်ပေးတာ ၊ ပန်းချီပြပွဲတွေ လိုက်ပို့ပေးတာ စတဲ့ ပံ့ပိုးမှုတွေ အများကြီးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ်ကာလ ပန်းချီကားတွေ ရောင်းချပြီး အောက်စီဂျင်လှူဒါန်းပေးခဲ့
ပန်းချီဆရာဘုန်းမြတ်စံဟာ ကိုဗစ်ကာလအတွင်း ပန်းချီကားချပ်တွေရောင်းပြီး အောက်စီဂျင်လိုအပ်နေတဲ့သူတွေဆီ အောက်စီဂျင်လှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့လည်း ပန်းချီဆရာဘုန်းမြတ်စံကဆိုပါတယ်။
“ကိုဗစ်ဖြစ်နေတုန်း အောက်စီဂျင်လှူဖို့ဆိုပြီး ပန်းချီကားတွေ တင်ရောင်းပေးမယ်ဆိုပြီးတော့ artist gallery cafe က တင်ထားတာကိုတွေ့သွားတာ။ အဲဒီ gallery ကို မေမေက လှမ်းဆက်သွယ်တာ။ အောက်စီဂျင်အတွက်ဆိုပြီး ပုံ ၁၅ ပုံလောက်ရှိတယ်တင်ပေးလိုက်တာ။ တင်ပေးလိုက်တဲ့အချိန်မှာပဲ ၁၀ ပုံကျော်ကျော်လောက် ရောင်းရတယ်။”
ပန်းချီကား ရာကျော် ရောင်းချပြီးဖြစ်
ပန်းချီဆရာဘုန်းမြတ်စံဟာ ခုဆိုရင် ပန်းချီကားချပ်ပေါင်း ရာချီပြီဖြစ်နေပြီး ရောင်းချပြီးတဲ့ ရေဆေးပန်းချီကားဟာလည်း တစ်ရာ နှစ်ရာကျော်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ Solo Show တွေ ၊ Group Show တွေကနေ ရောင်းထွက်သွားတဲ့ ပန်းချီကားတွေလည်း ရှိသလို အော်ဒါလာအပ်တဲ့ ပန်းချီကားတွေ၊ အွန်လိုင်းပေါ်ကတင်ရာက ကြိုက်လို့ ဝယ်ယူသွားကြတဲ့ ပန်းချီကားတွေလည်း အမြောက်အမြားရှိတယ်လို့ သိရပါတယ်။
ပန်းချီလေ့လာမှုပုံစံ
ပန်းချီကို ဝါသနာပါသူ သူ့အတွက် ဘယ်အရပ်ဒေသရောက်ရောက်၊ ဘယ်အရပ်ဒေသကို ပြောင်းပြောင်း ပန်းချီသင်တန်းတွေ ရှာအပ်ပြီး လေ့လာဆည်းပူးခဲ့သူပါ။ ပန်းချီသင်တန်းတွေကတစ်ဆင့် လေ့လာသလို ပန်းချီပြပွဲသွားရောက်တာတွေ၊ ပန်းချီစာအုပ်တွေ ဝယ်ယူဖတ်ရှူလေ့လာတာတွေ၊ You tube ကနေ ရှာဖွေလေ့လာဆည်းပူးတာတွေအပြင် ပန်းချီဆရာကြီးတွေရဲ့ အိမ်တွေဆီ သွားရောက်လည်ပတ်ရင်း ပန်းချီနဲ့ ပတ်သက်တာမှန်သမျှ မေးမြန်းပြီး ပန်းချီကို နေ့စဉ်နဲ့အမျှ ရေးဆွဲလေ့ကျင့်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
ပန်းချီနဲ့ပတ်သက်ပြီး ရည်မှန်းချက်တွေ အများကြီးရှိ
ပန်းချီဝါသနာထုံလွန်းသူ ၊ ပန်းချီပါရမီရှိသူတစ်ယောက်ဖြစ်တဲ့ နည်းတူ ပန်းချီနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေလည်း အများကြီး ထားရှိသူတစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံခြားတက္ကသိုလ်တွေမှာ ပန်းချီပညာကို ဆက်လက်ဆည်းပူးလေ့လာဖို့ ဆန္ဒရှိသူပါ။
“ပန်းချီနဲ့ပတ်သက်တဲ့ ရည်မှန်းချက်တွေကတော့ တော်တော်များတယ်ခင်ဗျ။ ကိုယ်ပိုင် galleryလည်း လုပ်ချင်တယ်။ ကိုယ်ပိုင်ပြခန်းလည်း လုပ်ချင်တယ်။ အဲဒီမှာ သားရဲ့ ပန်းချီကားတွေချည်းပဲ ပြမယ်ပေါ့။ နောက်ပြီးသွားရင် နိုင်ငံခြားမှာ သွားပြီးတော့ ပန်းချီပညာလေ့လာချင်တယ်။ ဒီမှာလေ့လာရင်တော့ အနည်းစုပဲ ရမယ်။ ပြင်သစ်တို့ အီတလီတို့မှာဆိုရင်တော့ ပန်းချီကို ပိုပြီး အခြေခံကျကျ လေ့လာလို့ ရမယ်။ scholarship လှမ်းလျှောက်တာတို့ ဘာတို့ လုပ်ကြည့်မယ်။ ဆယ်တန်းအောင်ပြီးသွားရင် ပြင်သစ်တို့ အီတလီတို့က ပန်းချီကျောင်းမှာ သွားတက်မယ်။”
ပန်းချီဆွဲရင်းဘဝကို ဖြတ်သန်းသွားမယ့်သူ
ပန်းချီဆရာဘုန်းမြတ်စံက သူ့ဘဝတစ်လျှောက်လုံး ပန်းချီပညာလေ့လာရင်း ၊ ပန်းချီတွေဆွဲရင်းပဲ ရပ်တည်သွားမယ်လို့ ဆိုပါတယ်။ ပန်းချီတွေနဲ့ ကြီးပြင်းခဲ့ရသူတစ်ယောက်အဖို့ ပန်းချီတွေနဲ့သာ နေ့စဉ်ဘဝကို ဖြတ်သန်းပြီး ကားတစ်စီးနဲ့ ပန်းချီတွေကို Outdoor ထွက်ဆွဲချင်သူ၊ ခရီးတွေထွက်ရင်း ပန်းချီဆွဲဖို့ အာသီသရှိသူဖြစ်ကြောင်း သူ့စကားသံတွေက တစ်ဆင့် ကြားသိခဲ့ရပါတယ်။
လူငယ်ပေမယ့်လည်း ဇွဲရှိသူ ၊ ဝါသနာပါရာကို တစိုက်မတ်မတ် ကြိုးစားအားထုတ်တတ်သူတစ်ယောက်ဖြစ်တဲ့ ပန်းချီဆရာ ဘုန်းမြတ်စံကတော့ ဝါသနာကိုအောင်မြင်မှုဖြစ်အောင် ကြိုးစားအားထုတ်နိုင်ခဲ့ပါပြီ။