Sony ကနေ ထုတ်တဲ့ PlayStation 4 ဂိမ်းစက်ဟာ ကုမ္ပဏီရဲ့ သမိုင်းမှာ အရောင်းသွက်ဆုံး Console ဖြစ်လာခဲ့ပါတယ်။
ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးသွားတဲ့ သုံးလပတ် ဘဏ္ဍာရေးကာလအတွင်း Sony ဟာ PS4 စက်ပေါင်း ၃.၂ သန်းရောင်းချနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ သုံးလပတ်က PlayStation 4 consoles စက်ပေါင်း ၉၆.၈ သန်း ရောင်းချနိုင်ခဲ့တာ ဖြစ်လို့စုစုပေါင်း PS4 ရောင်းအား သန်း ၁၀၀အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
Photo: Digital Trends
လောလောဆယ် PS4 ရောင်းအား နှေးကွေးလာတယ်ဆိုပေမယ့် PS4 ဟာ အိမ်သုံး Console ဂိမ်းစက်တွေထဲမှာ ရောင်းအားအသွက်ဆုံး ဖြစ်တယ်လို့Niko Partners မှ အကြီးတန်း ဈေးကွက်သုတေသီ ဒန်နီယယ် အာမက်က ဆိုပါတယ်။ PS4 ဟာ PlayStation 2 နဲ့Nintendo ရဲ့ နာမည်ကျော် Wii Console တို့ထက် ရောင်းအားပိုသွက်တယ်လို့လည်း အာမက်ရဲ့ Twitter မှာ တင်ထားပါတယ်။
PlayStation 4 ဟာ ၅ နှစ် ၇ လအတွင်း စက်အလုံးရေ သန်း ၁၀၀ အထိ ရောင်းချနိုင်ခဲ့တာ ဖြစ်ပြီး ၃ နှစ်မပြည့်ခင်မှာ သန်း ၅၀ ကျော် ရောင်းချနိုင်ခဲ့တာပါ။ ၂၀၁၇ ခုနှစ်ထဲမှာ PS4 အလုံးရေ ၁၉ သန်း ၊ ၂၀၁၈ မှာ ၁၇.၈ သန်း ရောင်းချနိုင်ခဲ့ပြီး တဖြည်းဖြည်းနဲ့PS4 ရောင်းအားဟာ အကျဘက်ကို ပြနေတာပါ။ ဒါကလည်း Console စက်တွေ ရဲ့ ရောင်းအား သက်တမ်းနဲ့ဆိုင်ပြီး နောက်နှစ်မှာ မျိုးဆက်သစ် PlayStation သစ် ထွက်လာတော့မှာပါ။
Photo: Times Now
PS5 လို့နာမည်ခေါ်သွားဖို့ရှိတဲ့ PlayStation ဟာ 8K ဂရပ်ဖစ် ပံ့ပိုးမှု ပါပြီး ၊ 3D အသံနည်းပညာ ၊ SSD storage သိုလှောင်မှုအပြင် အရင်ထွက်ထားတဲ့ PS4 ဂိမ်းတွေ ကစားလို့ပါ ရနိုင်မှာပါ။ PlayStation 5 ဟာ AMD ရဲ့ တတိယမျိုးဆက် Ryzen ကို အခြေခံထားတဲ့ octa-core CPU နဲ့လာပြီး ray-tracing ဂရပ်ဖစ်အတွက် GPU ပိုင်း အဆင့်မြှင့်တင်ချက်တွေ လုပ်ဆောင်လာမယ်လို့ဆိုပါတယ်။
Sony ကုမ္ပဏီဟာ ၂၀၁၃ နိုဝင်ဘာလထဲမှာ PS4 ကို မိတ်ဆက်ခဲ့ပြီး ၂၀၁၇ ဒီဇင်ဘာမှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့၇၀.၆ သန်း အထိ ရောင်းချနိုင်ခဲ့ပါတယ်။ Sony အနေနဲ့အသစ်ထွက်လာမယ့် PS5 မှာ disc support ပေးသွားဖို့လည်း ရှိပြီး physical disc တွေကနေ ဒီဂျစ်တယ်ဂိမ်းများ ဝယ်ယူမှုလည်း မြင့်တက်လာနေတယ်လို့ထုတ်ပြန်ထားပါတယ်။