သူ့ရဲ့ ဥရောပအတွေ့အကြုံတွေက ပီအက်စ်ဂျီကို ဆုဖလားဆွတ်ခူးစေဖို့ အထောက်အကူအများကြီးပေးနိုင်တယ်လို့လည်း အဲဗက်စ်က ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။
ပီအက်စ်ဂျီအနေနဲ့ ဥရောပပြိုင်ပွဲတွေမှာ အနိုင်ရရှိချင်တယ်ဆိုရင် သူ့ရဲ့စကားကို နားထောင်ဖို့ လိုအပ်တယ်လို့ နောက်ခံလူ ဒန်နီအဲဗက်စ်က ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ ဥရောပအတွေ့အကြုံတွေက ပီအက်စ်ဂျီကို ဆုဖလားဆွတ်ခူးစေဖို့ အထောက်အကူအများကြီးပေးနိုင်တယ်လို့လည်း အဲဗက်စ်က ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။
အဲဗက်စ်လ်ဟာ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလားကို (၃)ကြိမ်ဗိုလ်စွဲခဲ့ဖူးသူဖြစ်ပြီးတော့ ဂျူဗင်တပ်စ်နဲ့အတူ ၂၀၁၇ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အသက် (၃၅)နှစ်အရွယ် ဘရာဇီးလ်ကစားသမားဟာ ဆီဗီလာနဲ့လည်း ယူရိုပါလိဂ်ဖလားကို ရရှိခဲ့သလို ဘရာဇီးလ်နဲ့ ကိုပါအမေရိကဖလား (၂)လုံး၊ စပိန်၊ အီတလီနဲ့ ပြင်သစ်တို့မှာ ပြည်တွင်းဖလားတွေအားလုံးကို သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်ပါတယ်။
ဥရောပအောင်မြင်မှုရရှိဖို့ မျှော်မှန်းကာ အသင်းကို အကြီးအကျယ်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်၊ (၁၆)သင်းအဆင့်ရှုံးထွက်ပွဲတွေကနေပဲ လှည့်ပြန်နေခဲ့ရပြီး ဒိရာသီမှာလည်း မန်ချက်စတာယူနိုက်တက်ကို နှစ်ကျော့ပေါင်း (၃-၃) နဲ့ ကစားနိုင်ခဲ့ပေမယ့် အဝေးဂိုးစည်းမျဉ်းနဲ့ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။
"အတွေ့အကြုံများပြားတဲ့ သူရဲ့ စကားကို နားထောင်ဖို့ လိုအပ်ပါတယ်၊ ကျွန်တော်ဆိုရင် အဲဒီလိုလူမျိုးဆီက အမြဲတမ်းနားထောင်ချင်နေတာပါ၊ အသင်းကို ဘယ်အရာကဆွဲတင်နိုင်လဲဆိုတာကို ကျွန်တော်သိပါတယ်၊ ကျွန်တော့်မှာ အဲဒီလိုအတွေ့အကြုံတွေ အများကြီးပါ၊ အသင်းကလူတွေက ဒါကို မသိကြဘူးလို့ ကျွန်တော်ထင်ပါတယ်"
"ဘယ်လိုအနိုင်ယူနိုင်မလဲဆိုတာကို ကျွန်တော်သိပါတယ်၊ ပြီးတော့ ဘာလို့ရှုံးလဲဆိုတာကိုလည်း ကျွန်တော်သိတယ်၊ အတွေ့အကြုံရင့်ကျက်တဲ့ သူတစ်ယောက်ရဲ့ ပြောစကားကို ကျွန်တော် နားထောင်ပါတယ်၊ သူ့နောက်ကို လိုက်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီလိုမျိုးပြုလုပ်ပြီး ကျွန်တော် အောင်မြင်မှုတွေ ရခဲ့လို့ပါ" လို့ အဲဗက်စ်က RMC Sports နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။