အသင်းရဲ့အစဥ်အလာကို ပိုချက်တီနိုရော၊ ကစားသမားတွေပါ လိုက်နာခြင်းမရှိတော့တာပါ။

ပြင်သစ်လီဂူးကလပ် PSG ဟာ လက်ရှိအချိန်မှာ တောင်အမေရိက ကစားသမားအများစုနဲ့ အဓိကစုဖွဲ့ထားတဲ့ အသင်းတစ်သင်းလို့ဆိုနိုင်ပြီး နေမာ၊ မက်ဆီ၊ ဒီမာရီယာ၊ မာကွင်ဟို့စ်၊ နာဗက်စ်တို့က အသင်းရဲ့ အဓိကထောက်တိုင် ကစားသမားတွေအဖြစ်ရှိနေတာပါ။



မကြာခင်ကပဲ အသင်းတွင်းမှာ တောင်အမေရိက ကစားသမားတွေရဲ့ အင်အားကြီးမားနေမှုကြောင့် ဒွန်နာရမ်မာအပြင် အချို့သော ဥရောပအခြေစိုက် ကစားသမားတွေက မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ နည်းပြ ပိုချက်တီနိုကိုယ်တိုင်က တောင်အမေရိကတိုက်၊ အာဂျင်တီးနားလူမျိုးဖြစ်ပြီး လက်ရှိအသင်းတွင်းမှာလည်း ဘာသာစကားပြဿနာကြောင့် ထူးထူးဆန်းဆန်း အရှုပ်တော်ပုံတစ်ခုဖြစ်နေပါတယ်။

ပြင်သစ်အခြေစိုက်ဖြစ်တဲ့ ဒီအသင်းတွင်းမှာ အဓိကဘာသာစကားက ပြင်သစ်ဘာသာစကားမဟုတ်ဘဲ စပိန် ဒါမှမဟုတ် အင်္ဂလိပ်ဘာသာစကားကိုသာ အသုံးပြုနေတယ်လို့ မာကာသတင်းစာက ဖော်ပြခဲ့တာပါ။ နည်းပြပိုချက်တီနို ကိုယ်တိုင်က ပြင်သစ်ဘာသာစကားကို အသုံးပြုလေ့ပြုထမရှိဘဲ ကစားသမားတွေကလည်း စပိန် ဒါမှမဟုတ် အင်္ဂလိပ်စကားကိုသာ ပုံမှန်ပြောဆိုအသုံးပြုနေကြပါတယ်။

အသင်းမှာရှိတဲ့ အချို့သော တောင်အမေရိကနွယ်ဝင် နည်းပြအဖွဲ့ဝင်တွေက ပြင်သစ်စကား ကောင်းကောင်းတတ်ပေမယ့် ပြင်သစ်စကားက အသင်းတွင်းမှာ အလွယ်တကူ အသုံးပြုနေကျ စကားမဟုတ်တော့ပါဘူး။ PSG ဘက်က နှစ်ရှည်လများ သတ်မှတ်ထားတဲ့ အစဥ်အလာတစ်ခုကတော့ အသင်းမှာရှိတဲ့ ကစားသမားတွေအနေနဲ့ ပြင်သစ်ဘာသာစကားကို အဓိကအသုံးပြုရမယ်ဆိုတာပါ။

အသင်းကိုရောက်လာတဲ့ ကစားသမားသစ်တွေအနေနဲ့လည်း ပြင်သစ်ဘာသာစကားကို သင်ယူရလေ့ရှိပေမယ့် လက်ရှိအချိန်မှာတော့ ပြင်သစ်လက်ရွေးစင် အမ်ဘာပေကပါ စပိန် ဒါမှမဟုတ် အင်္ဂလိပ်ဘာသာစကားကို ပြောဆိုနိုင်အောင် ပြန်လည်သင်ယူနေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အသင်းရဲ့နာမည်ကျော်တွေဖြစ်တဲ့ နေမာ၊ ဒီမာရီယာ၊ နာဗက်စ်တို့က ပြင်သစ်စကားကို လုံးဝပြောဆိုလေ့မရှိပေမယ့် ပြင်သစ်လိုပြောရင်တော့ နားလည်နိုင်တယ်လို့ သတင်းတွေကဆိုပါတယ်။

ပြီးခဲ့တဲ့နွေရာသီကမှ အသင်းကိုရောက်လာတဲ့ မက်ဆီ၊ နူနိုမန်ဒက်စ်တို့ကတော့ ပြင်သစ်စကားလည်း မပြောတတ်၊ နားလည်းမလည်ဘဲ အခြားသောဘာသာစကားကိုသာ အသုံးပြုပြောဆိုနေကြတယ်လို့ သိရှိရပါတယ်။ 

Share

Loading Next Article...
က္က