မက်ဆီဟာ ပီအက်စ်ဂျီက မထွက်ခွာခင် ဘတ်ပီကို ဘယ်အသင်းပြောင်းရွှေ့သင့်လဲဆိုတာကို ပြောဆိုခဲ့တယ်လို့ သတင်းတွေထွက်လာပါတယ်။ စပိန်သတင်းစာ Defensa Central က ဖော်ပြခဲ့ရာမှာတော့ မက်ဆီက ဘတ်ပီကို ရီးရဲလ်မက်ဒရစ်အစား ဘာစီလိုနာကို ပြောင်းရွှေ့စေချင်တယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့် နောက်ဆုံးမှာ မက်ဆီက ဘတ်ပီကို ဥရောပဘောလုံးလောကမှာ ဆုဖလားတွေကို စိန်ခေါ်ယှဉ်ပြိုင်နိုင်တဲ့ အသင်းမှာသာ ကစားဖို့ကိုပဲ တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
"ငါ မင်းကို ဘာကာဆီ သွားစေချင်တာ၊ ဒါပေမယ့် မင်း မက်ဒရစ်ကို သွားချင်တယ်ဆိုရင်လည်း သွားပေါ့၊ မင်းက ဒီလိုမျိုး အောင်မြင်မှုပရော့ဂျက်တွေနဲ့ ထိုက်တန်ပါတယ်" လို့ မက်ဆီက ပြောဆိုခဲ့ကြောင်း သိရပါတယ်။
ဘတ်ပီဟာ ပီအက်စ်ဂျီနဲ့အတူ ပြည်တွင်းဖလားအများအပြားကို ရယူနိုင်ခဲ့ပြီး ဥရောပအောင်မြင်မှုတော့ မရရှိသေးတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့ပြီး စာချုပ်သစ်မချုပ်ဆိုတော့ဘူးလို့ တရားဝင်အသိပေးထားပြီးဖြစ်ပါတယ်။
ဘတ်ပီကို ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေသလို ကစားသမားကလည်း ပြောင်းရွှေ့ချင်နေတာကြောင့် ဒီအပြောင်းအရွှေ့က အနှေးနဲ့အမြန် ဖြစ်ပေါ်လာမှာပါ။ မက်ဆီရဲ့ ဘာစီလိုနာမှာ ဘတ်ပီကို မြင်ချင်တဲ့ ဆန္ဒကတော့ ပြည့်၀ဖို့ ခက်ခဲနေပြီး မဖြစ်လာနိုင်ဘူးလို့ ယူဆရပါတယ်။