PSG နဲ့ စာချုပ်ဖျက်သိမ်းမယ်လို့ သတင်းတွေထွက်နေတဲ့အပေါ် ရာမို့စ်ရဲ့အေးဂျင့်က ဖြေရှင်းလာတာပါ။

စပိန်လူမျိုး ဝါရင့်နောက်ခံလူကြီး ဆာဂျီယိုရာမို့စ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲယ်မက်ဒရစ်ကနေ PSG ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ အသင်းသစ်အတွက် တစ်ပွဲမှ ပါဝင်ကစားပေးနိုင်ခြင်းမရှိသေးပါဘူး။



ရာမို့စ်ဟာ PSG ကို ရောက်ရှိလာချိန်တည်းက ဒဏ်ရာပြဿနာရှိခဲ့တာဖြစ်ပြီး PSG က ဒီလိုမျိုး ရာမို့စ်ကို ခေါ်ယူခဲ့တဲ့အပေါ် ဘောလုံးဝေဖန်သုံးသပ်သူအချို့က ဝေဖန်ထောက်ပြခဲ့ပါတယ်။ PSG ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ နာမည်ကျော်တွေဖြစ်တဲ့ ဒွန်နာရမ်မာ၊ ဟာကီမီ၊ ရာမို့စ်၊ ဝိုင်နယ်လ်ဒမ်းနဲ့ မက်ဆီတို့ကို ခေါ်ယူခဲ့တာပါ။

ဒီအထဲမှာ ဟာကီမီတစ်ယောက်တည်းအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၆၀) ပေးချေခဲ့ရတာဖြစ်ပြီး ရာမို့စ်အပါအဝင် ကျန်တဲ့ ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရာမို့စ်က လက်ရှိအချိန်ထိ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် PSG အနေနဲ့ ရာမို့စ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။

ဒီအပေါ်မှာတော့ ရာမို့စ်နဲ့ညီအစ်ကိုလည်း တော်စပ်ပြီး ရာမို့စ်ရဲ့အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ ရီနီရာမို့စ်က “ရာမို့စ်က အနားယူဖို့ ဒါမှမဟုတ် PSG နဲ့ စာချုပ်ကိုဖျက်သိမ်းဖို့ အစီအစဥ်မရှိပါဘူး။ ရာမို့စ်နဲ့ပတ်သက်လို့ ဘာသံသယမှမရှိပါဘူး။ ဒါက ကြံ့ခိုင်မှုပြဿနာပဲဖြစ်ပြီး သူပြန်ကစားနိုင်တဲ့အချိန်မှာ ကစားပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ရာမို့စ်ဟာ အသင်းနဲ့ (၂) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားတာဖြစ်ပြီး လတ်တလောမှာတော့ ခြေသလုံးဒဏ်ရာပြဿနာကို ရင်ဆိုင်နေရတာပါ။ PSG ဘက်က ရာမို့စ်အနေနဲ့ လာမယ့်အပတ်မှာ လေ့ကျင့်ခန်း အပြည့်အဝပြန်ဆင်းနိုင်မယ်လို့ အတည်ပြုထားပါတယ်။ ဒီကြားထဲမှာ ဘာပြဿနာမှမရှိခဲ့ရင်တော့ နိုင်ငံတကာရက်သတ္တပတ်အပြီး နိုဝင်ဘာ (၂၀) မှာ ကစားမယ့် နန့်တက်စ်နဲ့ ပြင်သစ်လီဂူးပွဲအတွက် ကစားသမားစာရင်းမှာ ရာမို့စ် ပါဝင်လာနိုင်ပါတယ်။ 

Share

က္က