အင်တာနောက်ခံလူမာတာရာဇီကို သတိပေးခဲ့တာပါ။

နာမည်ကျော်အီတလီနောက်ခံလူဟောင်းမာကိုမာတာရာဇီက ပီအက်စ်ဂျီကို ပြောင်းရွှေ့ချင်နေတ​ဲ့ အင်တာမီလန်နောက်ခံလူမီလန်စကီရီနီယာကို မက်ဆီနဲ့ ဥပမာပေးကာ သတိပေးသွားခဲ့ပါတယ်။ စကီရီနီယာဟာ ပီအက်စ်ဂျီနဲ့ အကြိုသဘောတူညီမှုရရှိထားတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့နိုင်မှာလည်းဖြစ်ပါတယ်။

စကီရီနီယာကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီက ကာလရှည်စိတ်ဝင်စားနေတာဖြစ်ပြီး လာမယ့်ရာသီသစ်မတိုင်ခင် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ကစားသမားကလည်း အင်တာမှာ ထိပ်တန်းအဆင့်ခြေစွမ်းတွေကို ပြသခဲ့ပြီး အသင်းက ထွက်ခွာဖို့အတွက် ဆန္ဒရှိနေကာ ရာသီကုန်မှာ သေချာပေါက်ထွက်ခွာဖို့ရှိနေပါတယ်။ 

မာတာရာဇီကတော့ သူ့ကို အသင်းမှာသာ ဆက်လက်ကစားဖို့ ဆန္ဒရှိနေပြီး ပဲရစ်မှာဆိုရင် မီလန်မှာလိုမျိုး အဆင်ပြေမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ မက်ဆီ အဆင်မပြေဖြစ်နေတာကို မာတာရာဇီက သုံးသပ်ပြခဲ့ပြီး စကီရီနီယာလည်း အလားတူအဖြစ်မျိုးကို ရင်ဆိုင်ရနိုင်တယ်လို့ အလေးအနက်သတိပေးသွားခဲ့ပါတယ်။ 

"ကျနော်သာ သူ့နေရာမှာဆို အင်တာမှာပဲ ဆက်နေမှာပါ၊ လူသိရှင်ကြားပြောရမယ်ဆိုရင် သူ့ကို အင်တာပရိသတ်တွေ ဘယ်လောက်တောင်ချစ်လဲဆိုတာ သတိရလိုက်ပါ၊ ပဲရစ်မှာ သူ ဒါမျိုးကြုံရပါ့မလား ကျနော်တော့ မသေချာဘူး၊ အဲလိုဖြစ်ပါစေလို့ ကျနော်က ဆန္ဒရှိရင်တောင်မှပေါ့၊ ဒါပေမယ့် မက်ဆီ အဲဒီမှာ ဘာဖြစ်နေလဲဆိုတာကို ကြည့်ဖို့တော့ လိုပါတယ်၊ သူက သမိုင်းတလျှောက်အကောင်းဆုံးတွေထဲက တယောက်နော်"

"စကီရီနီယာက အရမ်းသန်မာတဲ့ ခံစစ်မှူးပါ၊ အကောင်းဆုံးတော့မဟုတ်ပေမယ့် သူ့ကိုယ်သူ ကောင်းကောင်းအသုံးချနိုင်ခဲ့လို့ အားကောင်းလာခဲ့ပါတယ်၊ အများကြီးတိုးတက်လာခဲ့ပြီး အင်တာမီလန်အသင်းခေါင်းဆောင်ပါ ဖြစ်လာခဲ့တာပါ" လို့ မာတာရာဇီက ပြောဆိုခဲ့ပါတယ်။ မက်ဆီဟာလည်း ပီအက်စ်ဂျီမှာ အဆင်ပြေနေတာမရှိဘဲ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကိုခံနေရကာ ရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲဖွယ်ရာရှိနေပါတယ်။ 

Share

Loading Next Article...
က္က