မန်စီးတီးတို့ အဝေးကွင်းမှာ ဂိုးမိုးရွာခဲ့တာပါ။

လိုက်ပ်ဇစ်ကိုနိုင်ခဲ့ပေမယ့် PSG ကိုပြန်ရှုံးခဲ့တဲ့ မန်စီးတီးတို့ ဂရုစိုက်ရတော့မယ့် အနေအထားမှာ ဒီပွဲကို အင်ပြည့်အားပြည့်ပွဲထွက်လာခဲ့ပါတယ်။ ဘန်လေနဲ့ပွဲမှာ အနားပေးခဲ့တဲ့ ဂရီလစ်ရှ်၊ ဒီယက်စ်၊ ဝေါ်လ်ကာတို့ ပါဝင်လာခဲ့ပြီး အီဒါဆန်လည်း ပွဲထွက်ခဲ့ပါတယ်။



ဘရုဂေးကလည်း လိုက်ပ်ဇစ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့လူစာရင်းအတိုင်းပဲ အပြောင်းအလဲမရှိ ပွဲထွက်လာခဲ့တာပါ။ မန်စီးတီးက ပွဲစတာနဲ့ ဂရီလစ်ရှ်၊ ဖိုဒန်တို့ရဲ့ ဘယ်ခြမ်းကနေ အဓိကတိုက်စစ်ဆင်ခဲ့သလို ဘရုဂေးကလည်း ဒီရာသီ ချန်ပီယံလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့အသင်းပီပီ အကောင်းဆုံး တုံ့ပြန်နိုင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

ပွဲကစားချိန် (၉) မိနစ်၊ (၁၂) မိနစ်တို့မှာ မန်စီးတီးတို့ ဂိုးတွေရခဲ့ပေမယ့် ပြစ်ဒဏ်ဘောနဲ့လူကျွံဘောတွေ ဖြစ်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ ဆက်တိုက်ထိုးဖောက်နေတဲ့ မန်စီးတီးကြောင့် ဘရုဂေးနောက်တန်းမှာ ဟာကွက်တွေများလာခဲ့ပြီး ဦးဆောင်ဂိုးကိုတော့ ပွဲကစားချိန် မိနစ် (၃၀) မှာ ဖိုဒန်ရဲ့လှပတဲ့ Lob Pass ကတစ်ဆင့် Overlap လိုက်လာတဲ့ ကန်ဆယ်လိုက သွင်းယူသွားခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီး (၄၃) မိနစ်မှာတော့ မန်စီးတီးတို့ ပင်နယ်တီရခဲ့ပြီး ဒီပင်နယ်တီကို မာရက်ဇ် ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့တာကြောင့် မန်စီးတီးတို့ ပထမပိုင်းတည်းက အနိုင်သေချာခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း မန်စီးတီးတို့ သက်သောင့်သက်သာပဲ လိုသလိုကစားခဲ့ပြီး ပွဲကစားချိန် (၅၃) မိနစ်မှာ ဝေါ်လ်ကာက ဒီဘရိုင်းရဲ့ဖန်တီးပေးမှုကတစ်ဆင့် အသင်းအတွက် တတိယအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် မန်စီးတီးတို့ အပြောင်းအလဲတွေလုပ်ခဲ့ပြီး (၆၆) မိနစ်မှာ လူစားဝင်ကစားသမား ပါလ်မာက လူစားဝင်ကစားသမား စတာလင်ရဲ့ ဖန်တီးပေးမှုကနေပဲ အသင်းအတွက် ဂိုးထပ်မံသွင်းယူပေးနိုင်ခဲ့ပါတယ်။

ပွဲကစားချိန် (၈၁) မိနစ်မှာ ဗာနာကန်က ဘရုဂေးအတွက် နှစ်သိမ့်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဗာနာကန်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပွဲစဥ် (၃) ပွဲလုံးမှာ ဘရုဂေးအတွက် ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် မန်စီးတီးတို့ ရပ်တန့်သွားခဲ့ခြင်းမရှိဘဲ ပွဲကစားချိန် (၈၄) မိနစ်မှာ မာရက်ဇ်က ပွဲသိမ်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် မန်စီးတီးတို့ အဝေးကွင်းမှာ ၁-၅ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးကတော့ ဒီနိုင်ပွဲကြောင့် PSG နဲ့ လိုက်ပ်ဇစ်ပွဲမတိုင်ခင် အုပ်စုထိပ်ဆုံးနေရာကို ယာယီဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ တစ်ချိန်တည်းကစားနေတဲ့ ဘက်ဆစ်တပ်နဲ့စပို့တင်းလစ္စဘွန်းပွဲမှာတော့ ဧည့်သည်စပို့တင်းလစ္စဘွန်းက ၁-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Share

က္က